ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို တန်ပြန်ထိုးနှက်ပြောကြားလာခဲ့ပါတယ်။ ဝုလ်ဗ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲမှာ ဟာလန်းက တစ်ယောက်တည်း လေးဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် သူ့ကို လူစားလဲ အနားပေးပြီးတဲ့အချိန်မှာ ဟာလန်းတစ်ယောက် မပျော်မရွှင်ဖြစ်နေတဲ့ဟန်ရှိခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဟာလန်းက သူ့ကို လိဂ်-၂ ကစားသမားအဆင့်ပဲရှိတယ်လို့ ပြောခဲ့တဲ့ ရွိုင်ကိန်းကို ဂရုမစိုက်ကြောင်း တုံ့ပြန်ထားပါသေးတယ်။
ရွိုင်ကိန်းဟာ မကြာခင်ကမှ ဟာလန်းရဲ့ ကစားပုံကို ဝေဖန်ခဲ့တာဖြစ်ပြီး ဂိုးသွင်းကောင်းသည့်တိုင် ဟာလန်းရဲ့ ကစားပုံက ယေဘုယျအားဖြင့် လိဂ်-၂ ကစားသမားအဆင့်သာရှိကြောင်း ဝေဖန်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဟာလန်းက ရွိုင်ကိန်းကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး ရွိုင်ကိန်းက အခုချိန်မှာ ဟာလန်းကို အပြစ်ရှာ ဝေဖန်ခဲ့တာပါ။
ရွိုင်ကိန်းက “ဟာလန်းတစ်ယောက် လူစားလဲခံရတုန်းက မပျော်မရွှင်ဖြစ်နေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူက အလိုလိုက်ထားလို့ ဆိုးသွမ်းနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။ ဒါပေမယ့် သူတို့ နိုင်တယ်လေ။ သူလည်း ဂိုးသွင်းနိုင်တာပဲ။ အဲ့ဒါတွေကိုတော့ မေ့လုနီးနီးဖြစ်သွားပါတယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုအတွက် ကိုးလ်ပါးလ်မားထက် အသာရထားပြီး ရှေ့ဆုံးကနေ ပြေးနေခဲ့ပါတယ်။ ရွိုင်ကိန်းရဲ့ အခုလိုမျိုး ဝေဖန်ပုံကို ဟာလန်းနဲ့ ဂွါဒီယိုလာတို့ ဘယ်လိုမျိုး တုံ့ပြန်လာဦးမလဲ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။