ဒီရာသီ ဘာစီလိုနာရဲ့ အနေအထားကတော့ ဘက်ပေါင်းစုံ၊ ပြိုင်ပွဲပေါင်းစုံမှာ စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာတင် မက်ဆီကို လက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာတို့ ကွင်းပြင်ပ စီးပွားရေး ပြန်လည် ဦးမော့လာခြင်းမရှိသေးဘဲ ကွင်းတွင်း ရလဒ်တွေကလည်း အားရစရာမရှိသေးပါဘူး။
လာလီဂါမှာ ချန်ပီယံဆုမျှော်လင့်ချက် စွန့်လွှတ်လိုက်ရတဲ့အပြင် ရာသီကုန်မှာ ဥရောပဝင်ခွင့်အတွက်တောင် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာလည်း ဘာစီလိုနာတို့ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ကို အချိန်ပိုမှာရှုံးနိမ့်ခဲ့ပြီး ဒီရာသီအတွက် အနီးစပ်ဆုံးလို့ပြောရမယ့် ဖလားတလုံးကို လက်လွှတ်ခဲ့ရပါတယ်။
ချန်ပီယံလိဂ်မှာလည်း အုပ်စုကနေ ယူရိုပါလိဂ်ပြိုင်ပွဲကို ရောက်ရှိသွားခဲ့တဲ့ ဘာစီလိုနာရဲ့ ကစားသမား (၃) ယောက်ကို ချဲလ်ဆီးတို့ ယူရိုသန်း (၁၃၀) တည်းနဲ့ အရခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကိုယ်တိုင်က ဒီအတွက် စိတ်အားထက်သန်နေပြီး ဂါဗီ၊ ဖရန်ကီဒီဂျောင်၊ ဆာဂျီနိုဒက်စ်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးတို့ ခေါ်ယူမှု နှစ်ခုသာ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှူး လူကာကူအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုခဲ့သလို အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အေဘရာမိုဗစ်ချ်ဟာ ဘာစီလိုနာကို အခုထက် ပိုမိုအင်အားချိနဲ့ပြီး ပျက်စီးသွားစေဖို့အတွက် ငွေကြေးအသုံးပြုမယ်လို့ သိရပါတယ်။
ဖရန်ကီဒီဂျောင်က ချဲလ်ဆီးရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ပြီး အဆိုပါ နယ်သာလန် ကွင်းလယ်လူကလည်း အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ တက်သစ်စ ကွင်းလယ်ကစားသမားလေး ဂါဗီကိုလည်း ဘာစီလိုနာတို့ စာချုပ်သစ် ကမ်းလှမ်းဖို့ ငွေကြေးအခက်အခဲဖြစ်နေပြီး ယူရိုသန်း (၅၀) ဝန်းကျင်နဲ့ ချဲလ်ဆီးတို့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ခြေစွမ်းခြေစရှိတဲ့ ဆာဂျီနိုဒက်စ်ကလည်း ဒန်နီအဲလ်ဗက်စ် ရောက်လာပြီးနောက်ပိုင်း ဘာစီလိုနာက ပြန်လည်ထွက်ခွာဖို့ စီစဥ်နေပြီး ချဲလ်ဆီးကလည်း ရီစီဂျိမ်းစ်ရဲ့ နေရာအတွက် ဆာဂျီနိုဒက်စ်ကို စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။