ပညာရေးစနစ်မှာ အလွတ်ကျက်စနစ်ထက် စဉ်းစားတွေးခေါ်မှုကို အားပေးသင်ကြား သင်ယူပေးကြစေလိုတယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အလွတ်ကျက်မှတ်မှုကို အားမပေးပဲ တွေးခေါ်တဲ့ စနစ်ကို ဦးစားပေးသင်ကြားပေးဖို့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ်လ ၄ ရက်နေ့က မင်းဘူးခရိုင် အခြေခံပညာ ဆရာဆရာမများနဲ့တွေ့ဆုံတဲ့အခါက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဘာသာတွဲ ရွေးချယ်ရာမှာလည်း အသိပညာပေးနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့လိုတယ်လို့ ဝန်ကြီးကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျောင်းထွက်သူ ပပျောက်ရေးအတွက် ဆောင်ရွက်စေသလိုအသက်မွေးဝမ်းကြောင်းပညာ၊ တက္ကသိုလ် ပညာရပ်တွေနဲ့တီထွင်ဆန်းသစ်နိုင်တဲ့ စွမ်းရည်တွေရရှိလာအောင် ပညာရေးကဏ္ဍကလုပ်ဆောင်ဖို့လိုတယ်လို့ ဝန်ကြီးကပြောဆိုထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက အစိုးရ နဲ့ ပုဂ္ဂလိက ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ အလွတ်ကျက်မှတ်တဲ့ စနစ်ကိုသာ အသုံးပြုပြီးသင်ကြားတာတွေ၊ စာမေးပွဲစစ်ဆေးတာတွေပြုလုပ်နေတဲ့ အတွက် အတွေးအခေါ်နဲ့ တီထွင်ဆန်းသစ်မှုပိုင်းမှာ အားနည်းချက်တွေအများကြီးရှိနေဆဲဖြစ်တယ်လို့ ဝေဖန်မှုတွေလည်းရှိပါတယ်။