မိသားစုနဲ့ အလုပ်တွေ အတူတူ လုပ်ချင်တယ်။

မင်းသန့်မောင်မောင်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ မိခင်ဖြစ်သူကို ဘေးနားမှာရှိစေချင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်နေတဲ့ရုပ်ရှင်ဇာတ်ကားတွေရှိပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်က အခုဆိုရင် မြန်မာနိုင်ငံအတွင်းက အနုပညာလောကထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’တိမ်ပေါ်ကပန်း’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးမှာဖြစ်ပြီး မိခင်ဖြစ်တဲ့ မေသန်းနုလည်း ပါဝင်မယ်လို့ Duwun Media ကနေပြောပြလာပါတယ်။


‘’ ကျွန်တော့်အမေကတော့ Main Actor တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်က နည်းနည်းတော့ ဝမ်းနည်းတာပေါ့။ အဓိက ကတော့ ကျွန်တော်အလုပ်လုပ်တဲ့အချိန်မှာ ကျွန်တော့်မိသားစုနဲ့ အလုပ်လုပ်ချင်တာပေါ့။ ပိုလည်းကောင်းတယ်၊ အမေက ဘေးကနေ အားပေးတာဆိုတော့ အမေ့ကိုလည်း ဘေးမှာရှိစေချင်တယ်’’ လို့ ဆိုပါတယ်။

အခုချိန်မှာ မင်းသန့်မောင်မောင်ဟာ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကိုယ်ပိုင် ဇာတ်ညွှန်းလည်း ရေးနေတယ်လို့ ‘’တိမ်ပေါ်က ပန်း’’ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အနာဂတ်အတွက်လည်း ကျွန်တော်ခေါ်ချင်ပါတယ်။ ဒီဇာတ်ကားရိုက်နေတဲ့အချိန်၊ သူလည်း သရုပ်ဆောင်နိုင်တဲ့အချိန်မှာ တချို့ တစ်ခု နှစ်ခုလောက် ကျွန်တော် စမ်းချင်တာပေါ့နော်။ သူ့အတွက်လည်း ဇာတ်ညွှန်းရေးပေးနေပါတယ်’’ လို့ သူကဆိုပါတယ်။

မင်းသန့်မောင်မောင်က သူကိုယ်တိုင်ရိုက်ကူးမယ့် ‘’တိမ်ပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကိုရီးယားမင်းသား Ryu Sang Woo ကို အဓိက ဇာတ်ဆောင်နေရာမှာ ထားဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

‘’ ဒီဇာတ်ကားထဲမှာ ကိုရီးယားမင်းသားကို အဓိက ဇာတ်ဆောင်အနေနဲ့ ထားပြီးတော့ ရိုက်ချင်တာပါ။ ပရိသတ်တွေ အနေနဲ့ ကိုရီးယားမင်းသားကို အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားသလဲဆိုတာကိုတော့ ကြည့်ရင်းနဲ့ သဘောပေါက်လာမှာပါ။ နှစ်နိုင်ငံနဲ့ ပတ်သက်တဲ့ဇာတ်ကားဖြစ်တာကြောင့် သူလည်း သဘောကျတယ်လို့ ပြောပါတယ်။ ဒီဇာတ်ညွှန်းကို ဖတ်တဲ့အချိန်မှာလည်း သူခံစားရတယ်လို့ပြောတယ်’’ လို့ ဆိုပါတယ်။

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Share

က္က