ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေမှာ ခဏတာ အဆက်အသွယ်ပြတ်နေတဲ့ ဆန်းသစ်လ ကတော့ သူမကို အားပေးတဲ့ ပရိသတ်အင်အား လျော့သွားပြီလို့ ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ဝါသနာကြီးသူဖြစ်ပေမယ့် စီးပွားရေးလမ်းကြောင်းဘက်ကို အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။
Photo: San Thit La
အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေတဲ့ အဆိုတော် ဆန်းသစ်လ ကတော့ လက်ရှိမှာ စီးပွားရေးအလုပ်ကို ခင်ပွန်းဖြစ်သူနဲ့အတူတွဲလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အနုပညာအလုပ်တွေကို ဆက်လုပ်သွားဦးမယ်လို့ Duwun media ကနေပြောပြလာပါတယ်။
‘’လက်ရှိမှာတော့ ဆန်းသစ်က ကျောက်ဆိုင်လေးဖွင့်ထားတယ်။ အားတဲ့အချိန်လေးတွေတော့ အလှဓာတ်ပုံတွေ ရိုက်ကဖြစ်တယ်။ အရင်တုန်းကထက်စာရင်တော့ အချိန်ရရင် ရသလို အားရင် အားသလို လုပ်သွားမှာပါ။ လုံးဝ ရတိပြတ်ကြီး ဖြတ်လိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်ကလည်း ဒီဘက်ကို ဦးစားပေးနေတဲ့ အခါကျတော့ အရင်ကလောက် မလုပ်ဖြစ်တော့တာပေါ့။ နောက်ပိုင်းမှာတော့ သီချင်းလေးတွေ ဆက်လုပ်သွားဖို့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: San Thit La
သူမဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာနဲ့ ပတ်သက်ပြီး သိပ်တွေ့ရတော့တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အားပေးတဲ့ ပရိသတ်တွေ လျော့သွားကြတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
‘’အနုပညာအလုပ်ဆိုတာ တစ်ပတ် ၁၀ ရက်လောက် ပျက်လိုက်ရင်တောင်မှ အဆက်ပြတ်သလို ဖြစ်သွားတတ်တယ်။ ညီမဆိုရင် လပိုင်းလောက်အဆက်ပြတ်သွားသလိုဖြစ်တယ်။ ဒါပေမယ့် ညီမကို အရင်းခံတဲ့လူတွေက လွဲလို့ အခြား၊ အခြားသော ပရိသတ်တွေတော့ လျော့သွားတာမျိုးရှိတယ်။ ဒါပေမယ့် ကိုယ့်ကို အမြဲတမ်း အမာခံအားပေးတဲ့ ပရိသတ်တွေကတော့ ရှိနေတုန်းပါပဲ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်’’ လို့ ဆိုပါတယ်။
Photo: San Thit La
ဆန်းသစ်လဟာ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အဘိုးဖြစ်သူ ဝါးခယ်မ ရဲမောင်ကတော့ သရုပ်ဆောင်လောကမှာ နာမည်ကြီးအနုပညာရှင်တစ် ယောက်ဖြစ်ခဲ့ဖူးပါတယ်။ မိခင်ဖြစ်သူ အဆိုတော် မေရွက်ဝါကလည်း ဂီတအပိုင်းမှာသာမက သရုပ်ဆောင်ဘက်မှာပါ ထူးချွန်ခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဆန်းသစ်လကတော့ အနုပညာကို ဝါသနာပါပေမယ့် စီးပွားရေးအပိုင်းကို အဓိက ရွေးချယ်ခဲ့တာတွေ့ရပါတယ်။
‘’ သူတို့ကတော့ ဒီ အနုပညာအလုပ်တွေကို သက်ဆုံးတိုင်လုပ်ခဲ့ကြတဲ့သူတွေပေါ့နော်။ အဓိက ကတော့ ညီမတို့ ၃ ယောက်ပေါ့။ ၃ယောက်မှာ အနုပညာလောကထဲကို ဝင်ခဲ့ပုံခြင်းမတူကြဘူးပေါ့။ အဘိုးဆိုရင် အဘိုးရဲ့ အောင်မြင်မှုက သရုပ်ဆောင်အပိုင်းမှာပေါ့နော်။ အမေ ဆိုရင်လည်း သီချင်းဆိုတဲ့အပိုင်းပေါ့။ အမေ့ရဲ့ အမာခံပရိသတ်တွေဆိုရင် အခုချိန်ထိရှိတယ်။ သူကိုယ်တိုင်ကလည်း ဒီ အနုပညာပေါ်မှာ အရမ်းကိုစေတနာအပြည့်ရှိတယ်၊ ရူးသွပ်တယ်။ ညီမကကျတော့ သူတို့ထက် ရူးသွပ်မှု နည်းတယ်။ ညီမကတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စဝင်ပြီး အဆိုဘက်အပိုင်းကို ကူးခဲ့တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: San Thit La
ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Share