မေသန်းနုက အလုပ်အရမ်းကြိုးစားလွန်းတဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စိတ်ဖြစ်မိတဲ့အကြောင်းတွေ ပြောလာပါတယ်။ သားအမိနှစ်ယောက်တွဲပြီး အလုပ်တွေ လုပ်ဖို့ရှိသေးတယ်လို့ဆိုပါတယ်။
Photo: May Than Nu
သရုပ်ဆောင် မေသန်းနုကတော့ အခုဆိုရင် အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အကြောင်းတွေ ပြောလာပါတယ်။ အလုပ်တွေလည်း အရမ်းကြိုးစားလွန်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ သူကတော့ ဇာတ်ညွှန်းထဲမှာ ပါတဲ့အတိုင်း မနက်ဖြန်ဆိုရင် ဘာရိုက်မယ် ဆိုတာတွေစဉ်းစားနေမှာပေါ့နော်။ တစ်ခါတလေ သူ့အဖေက မကြိုက်ရင် ပြန်ပြင်ခိုင်းတာတွေရှိတယ်။ ရိုက်ကွင်းပေါ်မှာလည်း သူ့အဖေက လွှတ်ပေးထားတာလေ။ Cameraman နဲ့ သူနဲ့ တိုင်ပင်ပြီးတော့ မကြိုက်မချင်းတွေ လုပ်နေတဲ့ အခါကျတော့ စိတ်က အရမ်းထည့်တာပေါ့။ ပြီးတော့ ဒီကားကလည်း မရပ်မနားရိုက်ရတဲ့အခါကျတော့ ရက်တွေ ကြာလာတဲ့အခါ ပင်ပန်းတာပေါ့နော်။ အဲဒါကြောင့်လည်း မူးလဲတာတွေ ဖြစ်ကုန်တာ’’ လို့ သူကဆိုပါတယ်။
Photo: May Than Nu
ဒါကြောင့်လည်း မေသန်းနု က သားလေးရဲ့ ကျန်းမာရေးကိုလည်း မိခင်တစ်ယောက်အနေနဲ့ စိုးရိမ်တဲ့အကြောင်းပြောလာပါတယ်။ အလုပ်လည်း ကြိုးစားသလို အောင်မြင်စေချင်တယ်ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့က 29 ရတနာဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’သူ လုပ်တဲ့ အလုပ်ကတော့ အလုပ်အပေါ်မှာထားတဲ့ သူ့ရဲ့ စေတနာရယ်၊ ကြိုးစားမှုတွေရယ်ကို မဆင့်က အားရတယ်လေ။ အောင်မြင်မှုပဲ လိုတာပေါ့နော်။ ကိုယ် တီထွင်လိုက်တဲ့ အလုပ်တစ်ခုက ပရိသတ်နဲ့ ဆက်စပ်မှုရှိမှလေ။ ပရိသတ်နဲ့ သဟဇာတ မဖြစ်ဘူးဆိုရင် မအောင်မြင်နိုင်ဘူးလေ။ သူ့ရဲ့ ကြိုးစားမှုတော့ ရှိတယ် အောင်မြင်မှုတော့ လိုတာပေါ့နော်။ သူက အလုပ်လုပ်ရင် အလုပ်ထဲကို အရမ်းစိတ်နှစ်တတ်တာတော့ မ ကောင်းဘူး။ အအိပ်ပျက်၊ အစားပျက်နဲ့ဆိုတော့ သူ့ကို ကြည့်ရတာ အားမရဘူး’’ လို့ သူကဆိုပါတယ်။
Photo: May Than Nu
အဲဒီနောက် သားဖြစ်သူ မင်းသန့်မောင်မောင် နဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့လည်း ပြင်ဆင်နေတယ်လို့ မေသန်းနုက ပြောပါတယ်။
‘’ သားသားကတော့ အမေအတွက် ကြိမ်းဝါးထားတာပေါ့နော်။ မေမေ့အတွက် တစ်ကားရိုက်ဦးမယ်။ မေမေ့ Body တွေ ကစား၊ မေမေ့ကို ဦးတည်ပြီး ရိုက်မှာဆိုတော့ မေမေ မလှလို့ မဖြစ်ဘူး။ သားကတော့ အခုချိန်အထိ အားပေးရှာတယ်။ ကိုယ်ကတော့ သားနဲ့ရိုက်ဖို့ ကျန်းမာရေးကောင်းမှ ဖြစ်မှာလေ။ သူလုပ်ခိုင်းတာတော့ လုပ်ရမယ်လေ သူက ဒါရိုက်တာဆိုတော့’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။
Photo: LMN
သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။