မိသားစုအတွက် သူ့ရဲ့ ရည်မှန်းချက်ကို အခုလို ပြောပြလာပါတယ်။

ခင်လှိုင်ဟာ သူ အလုပ်ကြိုးစားနေသမျှ အရာရာတိုင်းဟာ သားသမီး၊ မြေး၊ မြစ်တွေ အထိ အမှတ်တရ ဖြစ်စေဖို့ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 

Photo: Khin Hlaing



သရုပ်ဆောင် ခင်လှိုင်ကတော့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်နေတာဟာ သူ့ရဲ့ သားသမီးနဲ့ မြေးတွေ အတွက်ပါလို့ ဆိုပါတယ်။ နောင်လာနောင်သား မျိုးဆက်သစ်တွေမှာလည်း သူ့ရဲ့ ကြိုးစားမှုတွေကို အရာထင်အောင် လုပ်ဆောင်နေတာပါလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော်ဆို မိန်းမကို အလုပ်တစ်ခုခုလုပ်တိုင်း အမြဲပြောဖြစ်တယ်။ တစ်ချိန် ငါတို့ မြေးတွေ အလှည့်ကျရင် ဒါက ဖိုးဖိုး လုပ်တာ၊ ဒါဆို ဖိုးဖိုးစီစဉ်ခဲ့တာ၊ ဒီခြံဆို ဖိုးဖိုး ဝယ်ခဲ့တာ စသည်ဖြင့် တစ်သက်လုံး သူတို့အတွက် ပြောစမှတ်ဖြစ်အောင် နေရမယ်ပေါ့နော်။ ကျွန်တော် မချမ်းသာပါဘူး။ သူများနဲ့ ယှဉ်ရင် မျက်နှာမငယ်ရလောက်တဲ့ အနေအထားပါ။ ကျွန်တော့်မိဘတွေလက်ထက်မှာ တဲနဲ့ နေခဲ့ရရင် နေခဲ့ရမယ်၊ ကျွန်တော့်လက်ထက်မှာ ပျဉ်ထောင်အိမ်တစ်လုံးတော့ ပိုင်ဆိုင်ရမယ်။ ဒီလိုပဲ သားသမီးတွေ အလှည့်မှာလည်း တိုက်အိမ်ပိုင်ရမယ်။ ဒီလို တဆင့်ပြီး တဆင့်သွားနိုင်ဖို့ မိဘတွေက အခြေခံကောင်းအောင် အလုပ်တွေ လုပ်ပြရမယ်။ ဒါမှ သူတို့ကလည်း ငါတို့ မိဘတွေ ဒီလိုလုပ်ခဲ့တာပဲ ဆိုတဲ့ အသိစိတ်နဲ့ မျိုးရိုးကို မြင့်မားသွားရအောင် ကြိုးစားနိုင်ကြမယ်ပေါ့။ ဒီလိုလေး ခံယူထားပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Khin Hlaing

အခုဆိုရင်တော့ ခင်လှိုင်က အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုပါ ဦးဆောင်တော့မယ်လို့ဆိုပါတယ်။ သူဟာ ကိုယ်ပိုင်ကားတစ်စီးကိုရောင်းပြီး Mini Market တစ်ခု ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

“ ကျွန်တော် ရှိသမျှပိုင်ဆိုင်မှုတွေ အားလုံးက ပရိသတ်တွေ ပေးထားတဲ့ ပိုင်ဆိုင်မှုတွေပါပဲ။ အနုပညာအလုပ်ကို ရိုးရိုးသားသားနဲ့ သေသေချာချာ ကြိုးစားပြီးတော့ လုပ်ပါတယ်။ ဒီအလုပ်တစ်ခုတည်းပဲ လုပ်တတ်တာပါ။ အခုနောက်ပိုင်းကျတော့မှ ကလေးတွေရဲ့ နောင်ရေးအတွက် စီးပွားရေးလုပ်တယ်ဆိုတာကလည်း ပရိသတ်တွေ ပေးတဲ့ အရင်းအနှီးနဲ့ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း မေတ္တာပို့ပေး ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က