ကိုဗစ်ကာလ အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့ အထည်ချုပ်အလုပ်သမား ၁၂၀၀၀ ကျော်ကို ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်ကနေ ကျပ်ဘီလီယံ သန်းတစ်ထောင်ကို ငွေကြေးပံ့ပိုးပေးလိုက်ပြီး အလုပ်မရမချင်း ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
အလုပ်သမားတစ်ဦးကို ပေးအပ်တဲ့ ထောက်ပံ့ကြေးဟာ အများဆုံး ၁၂၅၀၀၀ အထိသာဖြစ်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖြစ်စဉ်အခြေအနေပေါ်မူတည်ပြီး အမျိုးအစား ၃ ခုခွဲခြားကာ အလုပ်သမားတွေကို စိစစ် ပေးနေတာဖြစ်ပါတယ်။
"တယောက်နဲ့တယောက်မတူဘူး။ တချို့က စက်ရုံ အချိန်ပြည့်မဆင်းရဘူး၊လစာလည်းအပြည့်မရဘူး ဒါမျိုးဆို စက်ရုံကပေးတာရဲ့ တစ်ဝက်တိတိကို ပေးတယ်။စက်ရုံက ၈၀၀၀၀ ပေးရင် အမတို့က ၄၀၀၀၀ ပေးတယ် ဆိုတော့ အနည်းဆုံးပမာဏက အတိအကျပြောဖို့ခက်တယ်။ တစ်ယောက်ကိုပေးတာ အများဆုံးကတော့ ၁၂၅၀၀၀ ပါ။အဲ့ထက်တော့မများပါဘူး။"လို့ EU မြန်ကူရဲ့ ပရောဂျက်မန်နေဂျာ မစုမွန်သဲကပြောပါတယ်။
ထောက်ပံ့ငွေရဖို့ အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ် စက်ရုံပေါင်း ၁၂၂ ခုက အလုပ်သမားပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထားမှုရှိခဲ့ကြောင်း ဒီထဲကမှ ၁၂၉၁၃ ဦးကို ထောက်ပံ့မှုပေးအပ်ခဲ့တာဖြစ်ပါတယ်။ လျှောက်ထားသူတွေထဲမှာ ဖုန်းဆက်သွယ်မရလို့ ချန်ခဲ့ရသူတွေလည်းရှိတယ်လို့သိရပါတယ်။
EU မြန်ကူ အနေဖြင့် လာမယ့် ဇူလိုင်၊ သြဂုတ်လလောက်အထိကို အလုပ်လက်မဲ့ဖြစ်သွားတဲ့အနည်းဆုံး အလုပ်သမား ၃၀၀၀၀ ကျော်ကို အထောက်အပံ့ပေးနိုင်ဖို့ မျှော်မှန်းထားပြီး အဓိက ရည်ရွယ်တာက အလုပ်လက်မဲ့ဖြစ်သွားတဲ့အမျိုးသမီးတွေဖြစ်ပါတယ်။
အလုပ်သမားတွေဆီကို မေလ ပထမပတ်ကတည်းကနေ ဇွန်လ ၁ရက်နေ့အထိ Wave Money ကနေ တိုက်ရိုက် ပေးပို့ခဲ့တာဖြစ်ပြီး ထောက်ပံကြေးကို ရန်ကုန်တိုင်း၊ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် အခြား နေရပ်ကို့ပြန်သွားကြတဲ့ အလုပ်သမားတွေပါ ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ဂယက်ကြောင့် စက်ရုံ ၁၃၀ ကျော်ဟာ ပိတ်သိမ်းခြင်း ၊လုပ်သားလျှော့ခြင်း၊ ယာယီရပ်နားခြင်းရှိခဲ့ပြီး စက်ရုံ အလုပ်ရုံ အလုပ်သမားပေါင်း ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေသိရပါတယ်။
Share