အလုပ်ရှင်ထွက်ပြေးသွားတဲ့ စက်ရုံကအလုပ်သမားတွေ နဲ့ အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲဖြစ်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ပေါင်း ၃၆၇ ဦးကို တစ်ဦး ငွေကျပ် ၂၄၀,၀၀၀ကျပ်နှုန်းနဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖြစ် Lift Fund ကထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
အဆိုပါ ထောက်ပံ့မှုအတွက် အမှန်တကယ်ထောက်ပံ့ဖို့လိုအပ်နေတဲ့ အလုပ်သမားစာရင်းကို အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)က စာရင်းပြုစုကာစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ထောက်ပံ့ငွေတွေကို မေလ ၃၀ ရက်နေ့က အပြီး ပေးအပ်ခဲ့တယ်လို့ CCTUရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးရဲနိုင်ဝင်းကပြောပါတယ်။
"ကျွန်တော်တို့ဘက်က တာဝန်ယူတာ အလုပ်ရှင်ထွက်ပြေးသွားတဲ့ SUXing အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၅ ယောက် ၊ ဆောက်လုပ်ရေး လုပ်ငန်းက ၆၂ ယောက် ပေါ့။ ဒီထောက်ပံ့မှုက EU နဲ့မဆိုင်ဘူး ဒါပေမယ့် သူတို့ချင်းကအချိတ်ဆက်ရှိတယ် EU ပေးထားပြီးသားကို lift ကမပေးဘူး၊ lift ကပေးပြီးသားကိုလည်း EU ကမပေးဘူး။အဓိက အလုပ်ရှင်ထွက်ပြေးတာ ၃ ရုံရှိတယ်။ တခြားအဖွဲ့တွေက ပေးပြီးသားတွေမရဘူး။ ကျနော်တို့ဆီ SUXingက အလုပ်သမားတွေ တင်ပေးတဲ့ စာရင်းကိုစိစစ်တယ်။ပြီးမှ ချပေးတာဖြစ်တယ်"လို့ ဦးရဲနိုင်ဝင်းကဆိုပါတယ်။
အလုပ်သမားတွေကို ထောက်ပံ့ရာမှာ Lift Fund ကသတ်မှတ်ထားတဲ့ ဖောင်ပုံစံရှိကြောင်း ၊လျှောက်ထားမယ့် အလုပ်သမားရဲ့ အချက်အလက်စာရင်းအပြည့်စုံ ၊ မိသားစုစာရင်းတွေ ၊ မှတ်ပုံတင်နံပါတ်စတဲ့ အချက်အလက်တွေကို စာရင်းပြုစုကြောင်း၊ စာရင်းသေချာ စိစစ်ပြီးမှ စာရင်းကို Actoinaid Myanmar ကိုတင်ပြတာဖြစ်ပါတယ်၊အဲ့ဒီကမှ Lift Fund ကိုတင်ပြတာဖြစ်ပါတယ်။
Lift Fund ကမှ အချက်အလက်တွေကိုသေချာ စိစစ်ပြီး အလုပ်သမားတွေကို ထောက်ပံ့ပေးတာဖြစ်ကြောင်း ၊ ထောက်ပံ့တဲ့အခါ Wave Money ကနေ ငွေပို့လွှဲတာ ရှိသလို၊ အလုပ်သမားဆီ တိုက်ရိုက်ပေးအပ်တာလည်းရှိပါတယ်။ Wave Money ကငွေပို့တာကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက လုပ်ဆောင်ခဲ့ကာ၊ လူတိုက်ရိုက် ပေးအပ်မှုကိုတော့ မေ ၂၉ နဲ့ ၃၀မှာ အပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Lift Fund က ကိုဗစ်ကာလ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားထောက်ပံ့မှု အစီအစဉ်အနေနဲ့ အလုပ်သမားပေါင်း ၁၄၀၀ ကျော်ကို ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။