အခင်းဖြစ်ပွားခဲ့ရာ Gust Myanmar အထည်ချုပ် စက်ရုံကတော့ လက်ရှိမှာ ပိတ်ထားတယ်လို့သိရပါတယ်။

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ အလုပ်သမား ၇၂ ဦးကို ရုံးချိန်းလာရောက်ရန် အကြိမ်ကြိမ်ပျက်ကွက်မှုကြောင့်ဝရမ်းပြေးအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)အဖွဲ့မှ အထွေထွေအတွင်းရေးမှုး ဦးရဲနိုင်ဝင်းက ပြောပါတယ်။

တရားစွဲခံရတဲ့ အလုပ်သမားအရေအတွက်ဟာ ၉၇ ဦးအထိရှိပြီး ရုံးချိန်းပျက်ကွက်မှုတွေကြောင့် ရုံးချိန်းတိုင်းအမှုစစ်ဆေးခြင်းကိုမပြုလုပ်နိုင်တဲ့အတွက် ပျက်ကွက်တဲ့ အလုပ်သမားတွေကို ဝရမ်းထုတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်တရားစွဲဆိုခံထားရတဲ့ အလုပ်သမားတွေအနေနဲ့ လာမယ့် ၆ ကြိမ်မြောက်ရုံးချိန်းကိုမဖြစ်မနေလာရောက်ရမှာဖြစ်ပြီး အကယ်၍ ထပ်မံပျက်ကွက်ခဲ့မယ်ဆိုရင် တရားခံပြေးအဖြစ်သတ်မှတ်ပြီး ဝရမ်းထုတ်ဖမ်းဆီးခိုင်းမှာဖြစ်သလို ဒဏ်ကြေးအဖြစ် သိန်း ၅၀ ဝန်းကျင်ပေးဆောင် ရမယ်လိုလည်း့ တရားသူကြီးက ပြောဆိုထားပါတယ်။



"အလုပ်သမားတွေကိုအစုလိုက်အပြုံလိုက်တရားစွဲတာ အမှုပြီးအောင်စစ်ဖို့ကမလွယ်ဘူး။ အခုက ကိုဗစ်ကာလလည်း ဖြစ်တော့အလုပ်ကမရှိ၊တခြားစက်ရုံအလုပ်လိုက်ရှာရတယ်၊စက်ရုံက တခြားစက်ရုံက အမှုဖြစ်လာသူမှန်းသိတော့ အလုပ်ဖြုတ်လိုက်တယ်။နောက်ဆုံးကျအလုပ်သမားက ဖမ်းချင်လဲဖမ်းဆိုပြီး ရုံးချိန်းမတက်ကြတော့ဘူး။ စက်ရုံကလည်းပိတ်၊ကိုဗစ်ဖြစ်တော့ အလုပ်အသစ်ကရှာမရတော့ ရွာပြန်သူတွေလည်းရှိတယ်။ တချို့ကလည်းအလုပ်လုပ်နေတယ်။ ရုံးချိန်းကိုမလာနိုင်ကြတော့ဘူး။ စားဝတ်နေရေးကြောင်း ပထမရုံးချိန်းပဲလူစုံတယ်။နောက်ရုံးချိန်းတွေမလာတော့ အမှုက ရုံးချိန်းပဲရှိတယ် မစစ်ရတော့ တရားသူကြီးက ဝရမ်းထုတ်လိုက်တယ်။ "လို့ ဦးရဲနိုင်ဝင်းကပြောပါတယ်။

အခုလို အလုပ်သမားတွေကို အစုလိုက်အပြုံလိုက်တရားစွဲတဲ့ဖြစ်ရပ်ဟာ  မြန်မာနိုင်ငံမှာပထမဆုံး ဖြစ်ကြောင်းနဲ့ အလုပ်သမားအမှုဟာ ရာဇဝတ်မှုကိုကိုင်တွယ်သလို ကိုင်တွယ်သင့်တဲ့အမှုမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ "ထောင်နဲ့ချီ ဆန္ဒပြနေတာအများကြီး ဒါတွေအားလုံးကို တရားစွဲရင် ဒါဟာ တရားရေးမှာ ဘယ်လိုမှဆက်ပြီးရှင်းမရဘူး။ အလုပ်သမားအမှုက ရာဇဝတ်မှုမဟုတ်ဘူး။ လုပ်ခလစာကိုအခြေ ခံပြီးသူတို့နားလည်သလိုတောင်းတာ။ သိပ်ပြီးအလွန်အကျူးဖြစ်လာရင်ဟိုဘက်ဒီဘက် နှစ်ဘက်ကိုထိန်းရတာေ ရာဇဝတ်မှုကိုင်တွယ်သလို မကိုင်သင့်တဲ့ကိစ္စမျိုးပါ။"လို့ ဦးရဲနိုင်ဝင်းက ထပ်မံပြောပါတယ်။ 

တရားစွဲဆိုခံထားရတဲ့ အလုပ်သမား ၉၇ ဦးဟာ လှိုင်သာယာမြို့နယ်က Gust Myanmar အထည်ချုပ်စက်ရုံအလုပ်သမားတွေဖြစ်ပြီး သူတို့ရပိုင်ခွင့်တွေရရှိဖို့ အတွက်အဲ့ဒီ စက်ရုံအရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တာကြောင့် အလုပ်သမားဆက်ဆံရေးဦးစီးဌာနက အလုပ်ရှင်ကိုယ်စား အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၆(ဃ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ မတ်လတတိယပတ်ကတည်းက တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ၆ ကြိမ်မြောက်ရုံးချိန်းအဖြစ် ဆင့်ခေါ်ထားပါတယ်။ အခင်းဖြစ်ပွားခဲ့ရာ Gust Myanmar အထည်ချုပ် စက်ရုံကတော့ လက်ရှိမှာ ပိတ်ထားတယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က