နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခက်အခဲကာလအတွင်းမှာ ပြည်သူတွေကို အသွားအလာကန့်သတ်တဲ့ဥပဒေတွေထုတ်ပြန်ထားပေမယ့် မရှိမဖြစ်လုပ်ငန်းတွေလည်ပတ်နိုင်အောင်၊ အလုပ်သမားလျှော့ချတာ၊ လစာလျှော့ချတာမျိုးတွေမဖြစ်ပေါ်လာစေရန်နိုင်ငံတော်အနေနဲ့ ညွှန်ကြားညှိနှိုင်းမှုတွေလုပ်မယ်လို့ ဒီနေ့ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
ဒီနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တိုင်းမှာ ည ၁၀နာရီကနေ မနက် ၄နာရီအထိ အိမ်အပြင်မထွက်ဖို့ တားမြစ်မိန့်ထုတ်ပြန်ခဲ့သလို မြို့နယ်(၇)မြို့နယ်မှာလည်း အသွားအလာကန့်သတ်မှုတွေလုပ်ခဲ့လို့ ပြည်သူတွေအကြား အမျိုးမျိုးသော ထင်မြင်ချက်တွေထွက်ပေါ်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ "အားလုံးကို တတ်နိုင်သလောက် ထည့်သွင်းစဉ်းစားပြီး၊ မရှိမဖြစ် လုပ် ငန်း များ ဆက်လည်ပတ်နိုင်အောင်၊ အလုပ်သမားလျှော့ချတာ၊ လခ လျှော့ချတာ တွေလည်းမဖြစ်ရအောင်၊ နိုင်ငံတော် အနေနဲ့ လိုအပ်သလို ညွှန်ကြား၊ ညှိနှိုင်း ပါမယ်။ အလုပ်ဆင်းသူတွေ ကျန်းမာရေးညွှန်ကြားချက် တွေနဲ့ ကိုက်ညီစွာ သွားလာ လုပ်ကိုင်နိုင်အောင်၊သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းများ၊ ညှိပြီးလုပ်သွား ပါမယ်။ ထပ်ပြီးပြောပါရစေ၊ ပြည်သူတွေပူးပေါင်းဆောင်ရွက်ခြင်းက အဓိကပါ။ ဒီအခြေအနေဟာ ဘယ်သူ့အတွက်မှ မလွယ်ပါဘူး။"လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဝေဘာဂီကူးစက်ရောဂါကုဆေးရုံမှာ ပစ္စည်းအင်အား၊ လူအင်အား အကန့်အသတ်တွေကြားကနေ စိတ်ရှည်သည်းခံစွာနဲ့ လူနာတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်လေးစားဂုဏ်ယူမိပါတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ အခက်အခဲတွေကို ကူညီမယ့် စေတနာရှင် အလှူရှင်တွေလည်းဆက်သွယ်လာတဲ့အတွက် ဝေဘာဂီဆေးရုံက ဝန်ထမ်းတွေနဲ့ လူနာတွေကို ကူညီမယ့်အစီအစဉ်တွေကိုလည်း ချမှတ်ဆောင်ရွက်နေပြီလို့ အတိုင်ပင်ခံက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၉၄ဦးအထိတွေ့ရှိပြီးနောက်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ရွာတွေမှာ အသွားအလာကန့်သတ်မှုတွေကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာတွေ့ရပါတယ်။