Samsung Electronics ရဲ့ ဘုတ်အဖွဲ့ ဥက္ကဌတစ်ဦးဖြစ်တဲ့ လီဆန်ဟွန်းကို တောင်ကိုရီးယား အလုပ်သမားသမဂ္ဂဥပဒေချိုးဖောက်မှုနဲ့ ဆိုးလ်တရားရုံးမှ ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။
လီဆန်ဟွန်းဟာ ဘုတ်အဖွဲ့ဥက္ကဌအဖြစ် တာဝန်မယူခင် နှစ်နှစ်လောက်က Samsung ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး CFO အဖြစ် တာဝန်ယူချိန်မှာ ပြစ်မှု ကျူးလွန်ခဲ့တာ Gizmochina သတင်းက ဆိုပါတယ်။ Samsung ရဲ့ စမတ်ဖုန်းနဲ့ ထုတ်ကုန်များ ပြုပြင်ရေးဌာန ဖြစ်တဲ့ Samsung Electronics Services မှာ ကန်ထရိုက်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ သမဂ္ဂကို ဖြိုခွဲဖို့ လုပ်ဆောင်ခဲ့တယ်ဆိုပြီး လီနဲ့ နောက်ထပ် တရားခံ ၂၅ ဦးခန့်ကို တရားစွဲခဲ့တာပါ။
လီဆန်ဟွန်း (Photo:Korea Times)
၂၀၁၃ ခုနှစ်က ဝန်ထမ်းညီညွတ်ရေး ကြိုးပမ်းချက်တွေကို တိုက်ဖျက်ဖို့ ညွှန်ကြားတဲ့ ကုမ္ပဏီအတွင်း အထောက်အထားတွေ ထွက်ပေါ်လာပြီးနောက် လီနဲ့ အပေါင်းအပါတွေကို တရားစုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ ဆက်စပ်မှု ရှိတဲ့ အမှုတွေကို တစ်နှစ်ကြာ စုံစမ်းပြီးနောက် ဒါဇင်နဲ့ချီတဲ့ အမှုဆောင်တွေကို ထောင်ချခဲ့ပါတယ်။
လီကိုတော့ အထောက်အထား မခိုင်လုံတာကြောင့် အဲ့ဒီအချိန်က အမှုက ပလပ်ထားခဲ့ပါတယ်။ကုမ္ပဏီကို သီးခြား စုံစမ်းမှုတစ်ခု လုပ်ဖို့အတွက် ဝင်ရောက်ရှာဖွေစီးနင်းချိန်မှာ နောက်ထပ် အထောက်အထားတွေ မတော်တဆ တွေ့ရှိသွားရာကနေ ဒီအမှုဟောင်းဟာ ပြန်ပြီး အသက်ဝင်လာတာ ဖြစ်ပါတယ်။
နောက်ဆုံး ရထားတဲ့ အထောက်အထားတွေအရ လီဟာလည်း တစ်ခြား Samsung ကုမ္ပဏီ ဝန်ထမ်းတစ်ချို့နဲ့ ပေါင်းပြီး အလုပ်သမားသမဂ္ဂ ဖြိုခွဲရေးမှာ ကြံရာပါဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလုပ်သမားညီညွတ်ရေး လုပ်ဆောင်ချက်တွေကို ဖြိုခွဲခြင်းဟာ တောင်ကိုရီးယားအလုပ်သမား ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါတယ်။
Photo: BBC
" လီကတော့ ဒါနဲ့ပတ်သက်လို့ သူ မသိခဲ့တဲ့ အကြောင်းအရာတွေ အများကြီးလို့ ဆိုပေမယ့် မသိဘူးဆိုတာနဲ့ပဲ သူ့ကို အကာအကွယ် မပေးနိုင်ပါဘူး" တရားသူကြီးရဲ့ အဆိုကို Yonhap သတင်းအေဂျင်စီက ကိုးကားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကလည်း Samsung Electronics ရဲ့ ဒုဥက္ကဌ ကန်ကွန်ဟွန်းကို အလုပ်သမားသမဂ္ဂဖြိုခွဲမှုကြောင့် ထောင်ဒဏ် ၁၆ လ ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ လာဘ်စားမှုအရှုပ်တော်ပုံမှာ ပါဝင်ပတ်သတ်ခဲ့မှုကြောင့် Samsung ကုမ္ပဏီဆက်ခံသူ လီဂျေယောင်းကို တောင်ကိုရီးယားတရားရုံးက ထောင် ၅ နှစ် ချမှတ်ခဲ့ပါတယ်။