မဒီတို့ဟာ ကိုယ်ရဲ့ကုမ္ပဏီ၊ အလုပ်၊ ရုံး စတဲ့လုပ်ငန်းခွင်မှာ ကိုယ့်တာဝန်ဆောင်တာတွေကို အကောင်းဆုံး လုပ်ကိုင်နေတယ်၊ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နေကြတယ်ဆိုပေမယ့် ဒါဟာ ကိုယ့်အလုပ်ကို ပညာရှင်ဆန်ဆန်၊ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်နေတာလားဆိုတာတော့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းဆောင်တာတစ်ခုပြီးမြောက်အောင် လုပ်နိုင်တာနဲ့ အဲ့ဒီအလုပ်ကို ပြီးမြောက်အောင်လုပ်တဲ့ မဒီဟာ အလုပ်လုပ်တဲ့အခါ ပညာရှင်ဆန်ဆန် ပြုမူလုပ်ဆောင်လေ့ရှိသလား၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အမူအကျင့်တွေ ပိုင်ဆိုင်ထားသလားဆိုတာ တိုက်ရိုက်မကျလို့ပါ။ တကယ်လို့များ မဒီတို့ဟာ အလုပ်မှာ ရာထူးတိုးတာလိုချင်တယ်၊ ဘောနပ်စ်ရချင်တယ်၊ ဒီ့ထက်ပိုပြီး အလုပ်နဲ့ပတ်သက်လာရင် အားလုံးကလေးစားပြီး သဘောကျရတဲ့သူ တစ်ဦးဖြစ်ချင်တယ်ဆိုရင် အလုပ်မှာ ကိုယ်မဖြစ်မနေရှောင္သင့်တဲ့ အမူအကျင့်လေးတွေ ရှိနေပါတယ်။
အကြမ်းဖျင်းအားဖြင့် ဝန်ထမ်း၊ အလုပ်ရှင်သာမက၊ ရာထူးကြီးပိုင်ဆိုင်ထားတဲ့သူတွေအားလုံးဟာ ကိုယ့်အလုပ်မှာ ဒီလိုအပြုအမူတွေ လုပ်လေ့ရှိမယ်ဆိုရင် ဒါတွေဟာ သူတို့ကိုပညာရှင်မဆန်စေတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုတော့
(၁) အလုပ်အမြဲနောက်ကျတတ်တာ၊ အချိန်မမှန်တာ
ရုံးတက်တဲ့အချိန် အမြဲနောက်ကျတာမျိုး၊ အစည်းအဝေးပွဲတိုင်းလည်း နောက်ကျမှရောက်လာတာမျိုး၊ အသင်းအဖွဲ့နဲ့လုပ်ရသွားရတဲ့ကိစ္စတိုင်း ကိုယ်ကအမြဲနောက်ကျတတ်သူဆိုရင် ကိုယ့်ကို အားလုံးကို အလုပ်ကိုမလေးစားတဲ့သူ၊ တာဝန်မယူတတ်တဲ့သူ၊ အချိန်မမှန်တဲ့သူအဖြစ် သတ်မှတ်ထားတာခံရပါလိမ့်မယ်။ နေရာပေးဖို့ကိစ္စမျိုးရှိလာတဲ့အခါ ဒီအကျင့်ကြောင့် ကိုယ်ဟာအလုပ်ကိုပညာရှင်ဆန်ဆန်မလုပ်တတ်တဲ့သူဆိုပြီး ဖယ်ချန်ထားတာခံရတတ်တာမို့ ပြင်ဆင်သင့်တဲ့အပြုအမူပါ။
(၂) အလုပ်မှာ အတင်းအဖျင်းပြော
ရုံးတွင်းပြဿနာတွေ၊ ချစ်ရေးချစ်ရာကိစ္စတွေကို ရုံးတွင်းသတင်းဖြန့်တတ်တဲ့သူ၊ ဟိုစကားဒီပို့ ဒီစကားဟိုပို့ လုပ်တတ်သူဟာ အလုပ်မှာ ဘယ်လောက်တော်တော် ဘယ်သူကမှလေးစားတာမျိုး မခံရတတ်တာ သတိပြုသင့်တဲ့အချက်ပေါ့။
(၃) အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အမြဲပြဿနာရှာ၊ အထွန့်တက်တတ်တာ
ကိုယ်ကမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တစ်ဖက်လူကို နည်းနည်းလေး အထွန့်တက်ပြန်ပြောလိုက်ရမှ ပြဿနာနည်းနည်းရှာလိုက်ရမှ ဆိုတာ ဂုဏ်ယူစရာကောင်းတဲ့အချက် မဟုတ်ပါဘူး။ ရုံးထဲက လူတိုင်း ကိုယ့်ကိုချဉ်သွားစေမယ့် အမူအကျင့်တစ်ခုပဲ ဖြစ်တာကြောင့် ဒီအကျင့်ကိုလည်း ဖျောက်နိုင်ဖို့ကြိုးစားသင့်ပါတယ်။
(၄) အလုပ်ကိုမဝတ်သင့်တဲ့ အဝတ်အစားတွေ အမြဲဝတ်လာတာ
ကိုယ့်အလုပ်က suit တွေအထိ ဝတ်စရာမလိုဘူးဆိုရင်တောင် ဂျင်းဘောင်းဘီအပြဲတွေ၊ Crop Top အင်္ကျီမျိုးစတာတွေ ဝတ်ဖို့လည်း ဘယ်လိုမှမသင့်တော်ပါဘူး။ လွတ်လပ်တယ်ဆိုပြီး သားရေညှပ်ဖိနပ် ဝတ်သွားဖို့လည်း မဆင်မပြေဘူးဆိုတာ ကိုယ့်ကိုယ္ကိုယ်သတိပေးပါ။ ဒီအချက်က ကိုယ့်ကိုအမှတ်တွေ လျော့နေစေတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။
(၅) အလုပ်သေးသေးလေးတွေကို အမြဲမလုပ်ပဲ ဘေးထိုးထားတတတ်တာ
နေ့တိုင်းမဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေ ရှိသလို၊ အချိန်ရရင်ရသလို အပြီးပြတ်ရှင်းရမယ့်အလုပ်လေးတွေ နည်းနည်းချင်းစီ အလုပ်တိုင်းမှာရှိနေတတ်ပါတယ်။ ဥပမာ အီးမေးလ်ပို့ရတာ၊ အီးမေးလ်စစ်ရတာ စတာလေးတွေက အရေးမကြီးဘူး၊ အေးဆေးမှလုပ်လို့ရတယ်ဆိုရင်တောင် အီးမေးလ်တွေပုံနေအောင်ထားပြီး တစ်ပတ်လည်းမစစ်၊ နှစ်ပတ်လည်းမရှင်း ထားတာမျိုးကတော့ ကိုယ့်ကိုဘယ်လိုမှ ပညာရှင်မဆန်စေတော့ ပါဘူး။
(၆) အလုပ်ကိုလုပ်နိုင်တယ်ဆိုပြီး တာဝန်ယူကတိပေးပေမယ့် ဘယ်တော့မှအလုပ်မပြီးမြောက်တာ
ကိုယ်တာဝန်ယူပြီး လုပ်ဆောင်ရမယ့်အရာတွေကို လုပ်နိုင်တယ်ဆိုပြီး ပြောဆိုကတိပေးထားပေမယ့် တကယ်တမ်းဘယ်တော့မှ မလုပ်နိုင်တာမျိုးဟာ အလုပ်ကို ကိုယ့်ကိုတခြားလူတွေ အထင်သေးစေမယ့် အချက်တစ်ချက်ဖြစ်သလို ကိုယ်ဟာ ပရော်ဖက်ရှင်နယ်မကျဘူးဆိုတာ သိသာစေသွားတဲ့အချက်ပါ။
အခုပြောပြပေးသွားတဲ့အချက်တွေအပြင် အလုပ်ခွင်မှာ ပရော်ဖက်ရှင်မဆန်တဲ့လုပ်ရပ်၊ အပြုအမူမျိုးတွေကို Myanma Apex Bank ရဲ့ Assistant Vice President တစ်ဦးဖြစ်တဲ့ မသက်စုနွယ်ဝင်းက ထောက်ပြပါတယ်။
“ အပေါ်က အချက်တွေကို ထပ်ဖြည့်ပြောရရင်တော့ အလုပ်မှာဒရမ်မာ များတာမျိုးပေါ့။ မိန်းကလေးတွေကတော့ ပိုဆိုးတယ်။ အလုပ်မှာ အမှားအယွင်းရှိလို့ ပြင်ရအောင်၊ နောက်မဖြစ်အောင်ပြောတော့မယ်ဆိုတာနဲ့ သူတို့ကို ဘာမှမပြောရသေးဘူး၊ မျက်ရည်ကျတာတွေ၊ မျက်နှာတွေပျက်တာတွေက ဖြစ်နေပြီ။ နောက်ရည်းစားနဲ့ဖြစ်ဖြစ် အိမ်နဲ့ဖြစ်ဖြစ်ရန်ဖြစ်ပြီး အလုပ်လာရင် မျက်နှာရှစ်ခေါက်ကျိုးနဲ့ စူပုပ်ပြီး အလုပ်လုပ်နေတာတွေလည်း ရှိတယ်။ အလုပ်လုပ်တော့ ကိုယ်တွေက သူတို့မျက်နှာ ပြန်ကြည့်နေရတာမျိုးတွေရှိတယ်။ အလုပ်ထဲမှာကျ ကိုယ့် emotional တွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသင့်တယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက အခုက social media ေခတ်ဖြစ်တယ်၊ တစ်ခါတစ်လေ အလုပ်ကိစ္စတွေက social media app တွေကနေ တဆင့် အချင်းချင်းပြောကြတာရှိတယ်။ အဲ့ဒီမှာ ပြဿနာက ရည်းစားနဲ့ အကောင့်ရဲ့စကားဝှက် password ကို လဲထားကြတာမျိုးပေါ့။ လဲထားတော့ ကိုယ့်လုပ်ငန်းအကြောင်းတွေ အပြင်လူဆီပေါက်တယ်။ အဲဒါမျိုးတွေလည်း ဆင်ခြင်သင့်တယ်လို့ထင်ပါတယ်။ သူများကိုမပြောခင် ကိုယ့်ဘာသာလည်း အမြဲပြန်သုံးသပ်ဖြစ်တယ်။ ကိုယ်က ဒီအချက်တွေ သူများလုပ်တာမကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း အဲ့ဒီအချက်တွေကို မလုပ်မိအောင် သတိထားပြောဆိုရပါတယ်” လို့ ဆိုပါတယ်။
အလုပ်မှာ ပရော်ဖက်ရှင်နယ်ကျကျ မနေတတ်သူတွေရဲ့ အခြားသောအမူအကျင့်တွေကိုလည်း Sr Accountant တာဝန်ကိုယူထားတဲ့ မသူဇာက သူ့ရဲ့အတွေ့အကြုံထဲက ဝေမျှထားပါသေးတယ်။
“အလုပ်ကိစ္စဖုန်းပြောတဲ့အခါ တစ်ရုံးလုံးကြားအောင် အသံကျယ်ကြီးနဲ့ပြောတာ ၊ အလုပ်လုပ်ရတာကို လုပ်နေရတာထက်ပိုပြီး အားလုံးသိအောင် ၊ တစ်ရုံးလုံးမှာ သူအရမ်းအလုပ်ရူပ်နေကြောင်းအော်ပြောနေတာ၊ ကာစတမ်မာဆီက ကောင်းတဲ့ကိစ္စမဟုတ်ဘဲ ကွန်ပလိန်းရှိလာရင် ကိုယ်တာဝန်ယူထားတာ မဟုတ်တဲ့ပုံစံမျိုး အမြဲငြင်းဆန်တာ၊ ကိုယ့်အပြစ်ကို တပါးသူကို ထိုးချတတ်တာမျိုးတွေက တော်တော်ဆိုးတဲ့ အမူအကျင့်တွေပေါ့။ ဒီလိုအလုပ်မှာ ပညာရှင်ဆန်ဆန်မလုပ်တတ်၊ မနေတတ်တဲ့လူတွေနဲ့လည်း အလုပ်တွဲလုပ်ဖူးပါတယ်။ သူတို့ကြောင့် ကိုယ့်မှာ အလုပ်ကိုအာရုံမစိုက်နိုင်တော့တာမျိုးတွေ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” လို့ ပြောပြပါတယ်။
သူမအနေနဲ့ အလုပ်မှာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်တတ်ဖို့ ဝန်ထမ်းတစ်ယောက်မှာ ဘယ်လိုအချက်မျိုးတွေ လိုအပ်သလဲ ဆိုတာကိုတော့ အခုလို ပြောပါတယ်။ “လူတိုင်းအလုပ်မှာ အနည်းနဲ့အများ ပြဿနာဆိုတာ ကြုံတတ်တာမို့ ကိုယ့်အလှည့်ကျရင် ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို သေချာတိကျတဲ့ တာဝန်ယူမူ၊ တာဝန်ခံမှုစိတ်နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ရမယ်။ ပြဿနာတခုရှိလာပြီဆိုရင် သွေးအေးအေးနဲ့ ကိုယ်လုပ်ခဲ့တာတွေကို ပြန်စစ်ပြီး ကိုယ်မှားသွားတာရှိခဲ့ရင် တာဝန်ခံဖြေရှင်းတာမျိုး လုပ်ရမယ်။ နောက် အများနဲ့ တာဝန်ခွဲယူရတာ ဖြစ်တဲ့အတွက် တချို့လုပ်ငန်းတွေမှာ ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် သိသင့်တာလောက်ကို လေ့လာထားဖို့တော့ လိုပါတယ်။ မသိတာရှိခဲ့ရင်လည်း ကိုယ့်အထက်လူကြီးဆီမှာမေးပြီး နားလည်အောင် သိအောင်လုပ်ထားရပါမယ်။ ငါနဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်တတ်တဲ့အကျင့်မျိုးကိုပြင်ဖို့ လိုပါတယ်”တဲ့။
ဒါ့ကြောင့် လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်ဟာအောင်မြင်ပျော်ရွှင်နေတယ်၊ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်နေသည့်တိုင် ဒါဟာ အလုပ်မှာပရော်ဖက်ရှင်နယ်ကျမကျနဲ့ မသက်ဆိုင်ဘူးဆိုတာ မဒီတို့ နားလည်သဘောပေါက်စေဖို့ ရည်ရွယ်ရင်း အပေါ်ကအချက်တွေအားလုံးမဟုတ်သည့်တိုင် တစ်ချက်၊ နှစ်ချက် ပြုမူလုပ်ဆောင်နေမိတယ်ဆိုရင်တော့ အမြန်ဆုံးဒီအမူအကျင့်တွေကို ပြင်ဆင်ဖို့ တိုက်တွန်းလိုက်ပါရစေ။