နယူးယော့ခ်မြို့ရှိ နေအိမ်ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရှင်ဘီလျံနာရဲ့ နေအိမ်ဓာတ်လှေကားထဲမှာ သီတင်းပတ်ကုန် နှစ်ရက်လုံးလုံး ပိတ်မိနေခဲ့တဲ့ အမေရိကန်အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(ဘဏ်လုပ်ငန်းရှင် ဘီလျံနာရဲ့နေအိမ်) (Photo: The Guardian)

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းရှင် ဘီလျံနာ ဝါရင်းစတီဖင်စ် ပိုင်ဆိုင်တဲ့ နယူးယော့ခ်မြို့ မန်ဟတ်တန်ရှိ နေအိမ်ဓာတ်လှေကားထဲမှာ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး ပိတ်မိနေခဲ့တဲ့ အမျိုးသမီးဟာ အသက် ၅၃ နှစ်အရွယ် Marites Fortaliza ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဓာတ်လှေကားထဲကို သောကြာနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေပိုင်းအချိန်က ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။



မီးသတ်တပ်ဖွဲ့က ဓာတ်လှေကားထဲမှာ အမျိုးသမီးတစ်ဦး ပိတ်မိနေကြောင်းကို တနင်္လာနေ့ (ဇန်နဝါရီ ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ သိရှိခဲ့ရပြီးနောက် ဓာတ်လှေကားကို အင်အားသုံးဖွင့်ခဲ့ပြီး ကယ်တင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဓာတ်လှေကားထဲမှာ နှစ်ရက်ကျော်ကြာပိတ်မိနေခဲ့တဲ့ Marites Fortaliza ဟာ ဆေးရုံမှာ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

(ဘဏ်လုပ်ငန်းရှင် ဘီလျံနာ ဝါရင်းစတီဖင်စ်) (Photo: Bloomberg)

Weill Cornell Medical Center ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ Marites Fortaliza ဟာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်နေခဲ့ပေမဲ့ အခြေအနေ တည်ငြိမ်မှုရှိကြောင်း သူမရဲ့မိသားစုက ထုတ်ပြန်မှုမှာ ဖော်ပြထားတယ်လို့ AP သတင်းက ပြောပါတယ်။

ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့တဲ့ Marites Fortaliza ဟာ ဘီလျံနာ စတီဖင်စ်မိသားစုရဲ့ အရေးပါတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဆိုပါ မိသားစုထံမှာ အိမ်အကူအဖြစ် ၁၈ နှစ်ကြာ အလုပ်လုပ်ကိုင်လာခဲ့သူလို့ ဆိုပါတယ်။ ဘီလျံနာစတီဖင်စ်ဟာ အာကင်ဆက်ပြည်နယ် Little Rock အခြေစိုက် Stephens Inc. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းရဲ့ အကြီးအကဲဖြစ်ပြီး ၎င်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ခန့်မှန်းခြေ ဒေါ်လာ ၂.၄ ဘီလီယံ ဖြစ်ပါတယ်။

(နယူးယော့ခ်မြို့ မြင်ကွင်းတစ်ခု) (Photo: Getty Images)

အာဏာပိုင်တွေရဲ့ ပြောကြားမှုအရ Marites Fortaliza ဟာ စတီဖင်စ်ရဲ့နေအိမ် ဒုတိယထပ်နဲ့ တတိယထပ်ကြားနေရာအရောက် ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။ Marites Fortaliza ဓာတ်လှေကားထဲမှာ ပိတ်မိနေစဉ်က စတီဖင်စ်မိသားစုဟာ နေအိမ်မှာ မရှိကြဘဲ သူမ တစ်ယောက်တည်းသာ အလုပ်လုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ယခုဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ဓာတ်လှေကားကို စစ်ဆေးမှုမပြုနိုင်မီအထိ စတီဖင်စ်ရဲ့နေအိမ်ကို ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီကြောင်း Department of Buildings က သတ်မှတ်ထားကြောင်းလည်း New York Times သတင်းက ဖော်ပြပါတယ်။ ဓာတ်လှေကားထဲမှာ ပိတ်မိခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က