ရော်နယ်လ်ဒိုကတော့ သာမန်အဆင့်မှာသာ ရပ်တည်နိုင်ခဲ့တာပါ။

လိုင်ယွန်ကြယ်ပွင့်ဟောင်း ဂျူနင်ညိုဟာ ဒေးဗစ် ဘက်ခမ်းနဲ့ လီယွန်နယ် မက်ဆီတို့ကို အနိုင်ယူပြီး တသက်တာအကောင်းဆုံး အလွတ်တည်ကန်ဘော အထူးကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။



SPORTbible က TierMaker ကို အသုံးပြုပြီး ခေတ်သစ်ကာလ အလွတ်တည်ကန်ဘော အကောင်းဆုံးကစားသမားတွေကို အဆင့်သတ်မှတ်ခဲ့ပြီး ထုံးစံအတိုင်းပဲ ဘရာဇီးလ်ကြယ်ပွင့်ဟောင်းက ထိပ်ဆုံးမှာ သက်တောင့်သက်သာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ လိုင်ယွန်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျူနင်ညိုဟာ အလွတ်တည်ကန်ဘောကနေ ၇၅ ဂိုးအထိ တိုက်ရိုက် ကန်သွင်းယူထားတဲ့ ကမ္ဘာ့စံချိန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဂျူနင်ညိုရဲ့ အဓိကပြိုင်ဘက်တွေအဖြစ် အလွတ်တည်ကန်ဘောကနေ ပုံမှန် ဂိုးသွင်းယူနိုင်ကြတဲ့ ဒေးဗစ် ဘက်ခမ်း၊ ဆီနီဆာ မီဟိုင်းလိုဗစ်၊ ပီယာလို၊ လီယွန်နယ်တို့ ရှိခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ရော်ဘတ်တို ကားလို့စ်တို့ကိုတော့ သာမန်အဆင့်မှာ ထားဖို့ လွယ်ကူမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့အတွက် အလွတ်တည်ကန်ဘောကနေ ကမ္ဘာ့အဆင့် ထိပ်တန်းဂိုးတွေ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ နှစ်ပေါင်းအတော်ကြာကြာ ဥရောပမှာ အလွတ်တည်ကန်ဘောကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း အညံ့ဖျင်းဆုံးဖြစ်နေခဲ့တာဖြစ်ပြီး ရော်ဘတ််တို ကားလို့စ်ကလည်း ပြင်သစ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ မယုံနိုင်ဖွယ် တိုက်ရိုက်ကန်သွင်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း များသောအားဖြင့် ၎င်းရဲ့ ကန်သွင်းချက်ဟာ ဂိုးပိုက်ထဲ ဝင်သွားတာထက် လူတံတိုင်းကာသူတွေနဲ့ ပရိသတ်တွေကို အနာတရဖြစ်စေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒို၊ ကားလို့စ်တို့နဲ့အတူ အလွတ်တည်ကန်ဘော သာမန်အဆင့်မှာ အင်္ဂလန်ရွှေရောင်မျိုးဆက်တွေ ဖြစ်တဲ့ ဝိန်း ရူနီနဲ့ စတီဗင် ဂျရတ်တို့လည်း ပါဝင်နေတာကတော့ ပြင်းထန်လွန်းတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဝိန်း ရူနီနဲ့ ဂျရတ်တို့ ၂ ဦးစလုံးဟာ ပွဲပေါင်း ၅၀၀ ကျော်ဝန်းကျင်ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် အလွတ်တည်ကန်ဘောသွင်းဂိုး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အလွတ်တည်ကန်ဘော ကျွမ်းကျင်မှု အလွန်ကောင်းတဲ့အဆင့်မှာ ဟွမ် မာတာနဲ့ ဆီဘက်စတီယန် လာဆင်(နောက်ဆုံး ၁၅ နှစ်ကျော်ကာလအတွင်း ပရီးမီးယားလိဂ်အလွတ်တည်ကန်ဘော ၁၁ ဂိုးနဲ့ အများဆုံးသွင်းယူထားသူဖြစ်)ဖြစ်ပြီး ၎င်းတို့နဲ့အတူ သီယာရီ အွန်နရီ၊ ရော်နယ်လ်ဒင်ညိုတို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဂါရတ် ဘေးလ်နဲ့ ဒရော့ဂ်ဘာတို့ကတော့ ကောင်းတဲ့အဆင့်မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့အဆင့်မှာတော့ တောင်ကန် မြောက်ရောက်တဲ့ ဘာလိုတယ်လီ ပါဝင်နေတာက သိပ်တော့ အံ့သြစရာမရှိတော့ပါဘူး။

ကစားသမားတောင်မဟုတ်တဲ့အဆင့်မှာတော့ နောက်ခံကစားသမားကောင်းဖြစ်တဲ့ ရောဘတ် ဟုသ် ပါဝင်နေပြီး စတုတ်နဲ့ပွဲစဉ်မှာ ကန်သွင်းခဲ့တဲ့ အလွတ်တည်ကန်ဘောကတော့ မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီကန်ချက်ကို ကြည့်ပြီး အရင်တုန်းက သူ ဘောလုံးများ ကန်ဖူးရဲ့လားလို့တောင် တွေးမိတဲ့အထိ ဖြစ်နိုင်ပြီး SPORTbible က သတ်မှတ်ထားတဲ့ အဆင့်သတ်မှတ်ချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

တစ်သက်တာအကောင်းဆုံး- ဂျူနင်ညို။


ကမ္ဘာ့အဆင့်- ဒေးဗစ် ဘက်ခမ်း၊ လီယွန်နယ် မက်ဆီ၊ မီဟိုင်းလိုဗစ်၊ ပီယာလို။


အလွန်ကောင်း- ဟွမ် မာတာ၊ ပီယာနစ်၊ သီယာရီ အွန်နရီ၊ ဆီဘက်စတီယန် လာဆင်၊ ရော်နယ်လ်ဒင်ညို၊ ဇိုလာ၊ မော်တန် ဂမ့်စ် ပီဒါဆန်။


ကောင်း- ဘေးလ်၊ ဒရော့ဂ်ဘာ၊ ဂျိမ်းစ် မက်ဒီဆင်၊ ကီဗင် ဒီဘရိုင်းနား၊ အဲရစ်ဆင်၊ ဆီဂတ်ဆန်၊ ဒဲလ် ပီယာရို၊ ဒေးဗစ် အလာဘာ၊ ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်။


သာမန်- ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရော်ဘတ်တို ကားလို့စ်၊ ဝိန်း ရူနီ၊ စတီဗင် ဂျရတ်။


ညံ့- မာရီယို ဘာလိုတယ်လီ၊ အီလီဆစ်၊ အယ်လ်ဗာရို ရီကိုးဘား၊ ဂျူနီယာ စတန်နီစလတ်၊ မန်းဖစ် ဒီပိုင်း။


ဘောလုံးသမားတောင်မဟုတ်- ရောဘတ် ဟုသ်၊ ကာမီလို စီယာနို။

Share

က္က