Samsung ရဲ့ 5G Support ပါဝင်တဲ့ ပထမဆုံး Rugged ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Galaxy XCover6 Pro ဖုန်းသစ်ဟာ ၂၀၂၂ ထွက် စမတ်ဖုန်းတစ်လုံးမှာ တွေ့ရမယ့် Features သစ်တွေ အများအပြားပါတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး Rugged ဖုန်းတစ်လုံးရဲ့ စွမ်းရည်ကို ကောင်းကောင်း ထုတ်ပြထားတာ တွေ့ရမှာပါ။ XCover6 Pro မှာ ၆.၆ လက်မ PLS LCD FHD+ ရုပ်ထွက်ပါရှိပြီး 120Hz Refresh Rate သုံးထားပါတယ်။ အထိအတွေ့ Touch Sensitivity မြှင့်ထားတာကြောင့် လက်ရေစိုနေချိန်နဲ့ လက်အိတ်ဝတ်ထားချိန်မျိုးမှာတောင် XCover6 Pro ရဲ့ Display က အလွယ်တကူ အလုပ်လုပ်နိုင်မှာပါ။
Display မထိအောင် အကြမ်းခံမှုအမြင့်ဆုံး ဖြစ်တဲ့ Corning ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Gorilla Glass Victus+ မှန် အုပ်ထားပြီး စစ်တပ်သုံးအကြမ်းခံမှုစံ ဖြစ်တဲ့ MIL-810H စံနဲ့ လာပါတယ်။ ရေစိုဖုန်တင်မှုအတွက် IP68 Rating ခံနိုင်ရည်လည်း ပါရှိပါတယ်။ အကြမ်းပတမ်း အသုံးခံဖို့ အထူးထုတ်ထားတဲ့ ဖုန်းဖြစ်လို့ ဘော်ဒီဝိတ်ကြီးပြီး ထုနဲ့ထည်နဲ့ ထွက်လာပါတယ်။
5G ကွန်ရက်နဲ့ WiFi 6E နှစ်မျိုးလုံး ပံ့ပိုးပေးနိုင်တဲ့ Galaxy XCover6 Pro ဟာ Snapdragon 778G Chipset နဲ့လာပြီး RAM 6GB/128GB Storage နဲ့အတူ microSD Card သုံးပြီး Storage လည်း ထပ်မြှင့်နိုင်မှာပါ။ ဘက်ထရီပါဝါ 4050mAh ရဲ့ ထူးခြားချက်တစ်ခုက ဒီနေ့ခေတ်မှာ ရှားရှားပါးပါး ကျောဘက်ကာဗာ အလွယ်တကူဖြုတ်ပြီး ဘက်ထရီလဲလို့ ရတာ ဖြစ်ပါတယ်။
ဘက်ထရီအားသွင်းမှုအတွက် 15W Support ပေးထားပေမယ့် ဖုန်းဗူးထဲမှာ USB-C အားသွင်းကြိုးပဲ ပါပြီး Charger ကို သီးသန့် ဝယ်ရမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြား Features အနေနဲ့ ပရိုဂရမ်သွင်းနိုင်တဲ့ push-to-talk ခလုတ်တစ်ခု ပါလာတာ ဖြစ်ပါတယ်။ ဖုန်းရှေ့ waterdrop notch ထဲမှာ 13MP Selfie ကင်မရာ ထည့်ထားပြီး ကျောဘက်မှာ 50MP Main Sensor နဲ့အတူ 8MP Ultrawide Lens သုံးထားပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ OneUI စနစ်နဲ့လာပြီး Speaker Boost Mode ၊ နားကြပ်ပေါက် နဲ့ Samsung DeX Support စနစ်တို့ ထည့်သွင်းထားပါတယ်။ အာရှ ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဈေးကွက်တွေထဲ ဝင်မှာ ဖြစ်ပြီး လောလောဆယ် ဈေးနှုန်းအကြောင်း ကြေညာခြင်း မရှိသေးပါဘူး။