ထူးအယ်လင်းက မီးသဂြိုဟ်စက် ဆောက်လုပ်နေချိန်မှာ အလှူရှင်အယောင်ဆောင်ပြီး လိမ်လည်တဲ့သူနဲ့ ကြုံတွေ့ခဲ့ရပြီလို့ ဆိုပါတယ်။ ပရိသတ်တွေ သတိထားပေးကြဖို့ကိုလည်း သူကပြောပါတယ်။
Photo: Htoo El Lynn
ထူးအယ်လင်းဟာ ဝါးခယ်မမြိုနယ်အတွင်းက ကျေးရွာ ၇ ရွာအတွက် မီးသဂြိုဟ်စက်တည်ဆောက်ပေးဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒီအလှူကို အကြောင်းပြုပြီး အလှူရှင်အယောင်ဆောင်ကာ အလိမ်ခံလိုက်ရတယ်လို့ သူက ဆိုပါတယ်။
‘’သဂြိုလ်စက်တည်ဆောက်ရာမှာ ပါဝင်လှူဒါန်းချင်ပါတယ်ဆိုလို့ ကိုယ်တွေဘက်ကလည်း ဝမ်းသာပီတိနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။ ဘိလပ်မြေအိတ် တစ်ရာလား တစ်ရာ့ငါးဆယ်လားပဲ .. ပုသိမ်ရှိ သူ့အမဆိုင်ကနေ ဝါးခယ်မကို ပို့ပေးပြီးလှူပါမယ်ဆိုတော့ အိုခေပေါ့။ ဒါနဲ့ပဲ အလှူရှင် ဗိုလ်မှူးအောင်ကိုဆန်းဆိုလားပဲ သူ့ဖုန်းနံပါတ်( 09774749273 ) ကို သဂြိုလ်စက်တည်ဆောက်လှူဒါန်းရာမှာ ဦးဆောင်တဲ့ ညီအကိုတွေကို ဖုန်းနံပါတ်နဲ့အမည် ပို့ပေးလိုက်တယ်။ မကြာပါဘူး နောက်တစ်နေ့ ဖုန်းဆက်လာတယ် ကိုယ့်ညီထဲက ''အကို ဘိလပ်မြေအိတ်တင်လာတဲ့ကား လမ်းမှာပျက်လို့ ရွာက လူတွေဆီက ကားပြင်ဖို့ ငွေလေးသိန်းလှမ်းတောင်းတာ ရွာကလဲ ရိုးသားစွာပဲ ပေးလိုက်တယ် '' တဲ့ အခု အလှူ ဘိလပ်မြေကားလည်းမလာ၊ အလှူရှင်ဖုန်းအဆက်အသွယ်လဲမရ ဖြစ်နေတယ်တဲ့ လှသိန်း အလိမ်ခံထိပြီလေ။ ပြောချင်တာက အလှူရှင်ကားပျက်တာ သူ့အလှူရှင် ရှင်းမှာပေါ့။ ဟိုဘက်ရွာမှာက လိုအပ်လို့အလှူခံပါတယ်ဆိုမှ အလှူခံပုဂ္ဂိုလ်တွေဘက်က လုပ်အားဒါနမှလွဲလို့ ငွေအားဖြင့် ပြန်ပေးကူညီဖို့ မလိုဘူးလေ။ ခုတော့ ငွေအလိမ်ခံလိုက်ရပြီ’’ လို့ သူကဆိုပါတယ်။
Photo: Htoo El Lynn
ဒီအကြောင်းအရာအတွက် ထူးအယ်လင်းဟာ စိတ်မကောင်းဖြစ်လို့နေပါတယ်။ အလှူရှင်အမည်တပ်ပြီး လိမ်လည်နေကြသူတွေကို သတိထားဆင်ခြင်ကြဖို့ကိုလည်း စကားလက်ဆောင် ပါးထားပါသေးတယ်။
‘’လှသိန်း သဘောကောင်းတာ ပြသနာမရှိပေမယ့် ဒီကိစ္စက အခြေအမြစ်မရှိတဲ့ဟာတွေကို ပြန်ယုံကြည် ကူညီပေးရလောက်အောင် ကိုယ့်ဘက်က လူတွေ အချင်းချင်းမှာ အပြန်အလှန် ဆက်သွယ်ရေး မရှိလို့ ညံ့လို့ ခံရတာ, ငပိန်း၊ ငတုန်း ဖြစ်ရတာ ရင်နာတယ်ကွာ။ တွေ့မယ် မပြီးသေးဘူး ဒီကိစ္စက နောက်နောင်များ ဒီလိုကိစ္စမဖြစ်ရလေအောင် သတိချပ်ဆင်ခြင်ဖို့ ရေးတင်ပြတာပါ... ဒါပါပဲ’’ ဆိုပြီးတော့ ဇူလိုက်လ ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Htoo El Lynn
ထူးအယ်လင်းဟာ အခုနောက်ပိုင်းမှာ ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့ အတူ ပရဟိတလုပ်ငန်းစဉ်တွေမှာ အားတက်သရော ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူက တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ သူ့ရဲ့ အလှူတိုင်းအတွက်လည်း အမြဲတမ်း စိတ်ချမ်းသာ ပီတိဖြစ်ရတယ်လို့လည်း ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’ပကာသနအလှူ မဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ်။ အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့် ဒါနအလှူခွဲခြားထားပါတယ်’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: Htoo EL Lynn
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။
အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။ ထူးအယ်လင်း လိုပဲ မြင့်မြတ် နာမည်ကို အသုံးပြုပြီး အလှူရှင်အယောင်ဆောင်ကာ လိမ်နေကြသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။