ဩစတြေးလျတောမီးလောင်မှုကြီးကို နောက်ဆုံးမှာ စတင်ထိန်းချုပ်လာနိုင်ပြီလို့ ခြေကုန်လက်ပန်းကျတဲ့အထိ ကြိုးပမ်းငြှိမ်းသတ်နေတဲ့ မီသတ်သမားတွေက ယနေ့ (ဇန်နဝါရီ ၁၃ ရက်) ပြောပါတယ်။ ရာသီဥတုစိုစွတ်လာမှုက တောမီးလောင်မှုအရှိန်ကို လျော့ကျစေခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
New South Wales (NSW) ပြည်နယ် မီးသတ်သမားတွေရဲ့ အဆိုအရ ၎င်းတို့ဟာ ဆစ်ဒနီမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသရှိ Gospers တောင်တန်းမှာ လောင်ကျွမ်းနေခဲ့တဲ့ ကြီးမားတဲ့ တောမီးလောင်မှုကို နောက်ဆုံးမှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ထိုနေရာမှာ အလွန်ကြီးမားတဲ့ တောမီးလောင်မှုဟာ သုံးလနီးပါးကြာအထိ လောင်ကျွမ်းနေခဲ့တာကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
Gospers တောင်တန်းဒေသကို ယနေ့ သွားရောက်ကြည့်ခဲ့တဲ့ NSW ကျေးလက်ဒေသ မီးသတ်ဌာန အကြီးအကဲ Shane Fitzsimmons ကလည်း နေရာအနည်းအကျဥ်းမှာ မီးလောင်မှုကို အပြီးသတ် ထိန်းချုပ်ရန်ကျန်နေသေးပေမဲ့ ထိန်းချုပ်နိုင်မယ့် အလားအလာကောင်း မြင်တွေ့ရတယ်လို့ ပြောပါတယ်။
(Photo: Gena Dray)
နောက်ထပ် ဒါဇင်နဲ့ချီတဲ့ တောမီးလောင်မှုနေရာတွေကိုတော့ ထိန်းချုပ်ရန်ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ ယမန်နှစ် စက်တင်ဘာလအတည်းက ဩစတြေးလျမှာ တောမီးလောင်မှုတွေ စတင်ဖြစ်ပွားနေခဲ့ပြီး NSW ပြည်နယ်ဟာ တောမီးလောင်မှုး အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်အထိ ဩစတြေးလျတောမီးကြောင့် စေတနာ့ဝန်ထမ်း မီးသတ်သမားများ အပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂,၀၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ပါတယ်။