ကချင်ပြည်နယ်အစိုးရအနေနဲ့ အများပြည်သူအတွက် အကျိုးရှိမယ့်ကိစ္စတွေ ဆောင်ရွက်ရာမှာ အချိန်မဆွဲဖို့ တိုက်တွန်းခဲ့ပြီး ဒေသခံတွေရဲ့ တင်ပြချက်တွေကို ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး လာမယ့် တစ်လအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံစာတင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံက မှာကြားခဲ့ပါတယ်။
Photo-Myanmar State Counsellor Office
အများပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်ရာမှာ အချိန်မဆွဲပါနှင့်ဟု ကချင်ပြည်နယ်အစိုးရကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ (၉) ရက်က ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ဒေသခံပြည်သူများနဲ့ တွေ့ဆုံပွဲမှာ မိုးညှင်းမြို့နယ်ဒေသခံ ဦးကျော်ခိုင်ဝင်းက မိုးညှင်းဒေသမှာ စည်ပင်အမှိုက်ပုံဟောင်းနေရာကို မီးသတ် လေ့ကျင့်ရေးနယ်မြေအဖြစ် တောင်းခံရာမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရက ကြန့်ကြာနေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ မီးသတ်ကွင်းလုပ်တယ်ဆိုတာခက်ခဲတဲ့ကိစ္စမဟုတ်ဘူး။စည်ပင်ပိုင်မြေဆိုရင် မလုပ်ပေးစရာ အကြောင်းမရှိပါဘူး။ ဒီလို အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စတွေကို အချိန်မဆွဲပါနဲ့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်တယ်။ “ လို့ ဆိုပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ တင်ပြမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ခဲ့ပြီးပြီလဲဆိုတာကို တစ်လအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံစာတင်ပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်လို တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပြီး ငြိမ်းချမ်းရေးမရသေးတဲ့ ပြည်နယ်တွေကို မကြာခဏ လာချင်ကြောင်း ၊ ငြိမ်းချမ်းရေးမရသေးတဲ့ကိစ္စနဲ့ ပြည်ထောင်စု ကိုဦးတည်တဲ့ရည်ရွယ်ချက်က ဒွန်တွဲနေကြောင်း၊ ငြိမ်းချမ်းရေးရမှသာလျှင် တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုကို ထူထောင်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“မိမိကိုယ်မိမိ ငါတို့အားလုံးဟာ ပြည်ထောင်စုသားချင်းတွေဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံမှာ စည်းလုံးညီညွှတ်မှု မရှိစရာ အကြောင်းမရှိပါဘူး။ ပြည်ထောင်စုအတွင်းမှာမှ မတူညီတဲ့လူမျိုး၊ ဘာသာစကား၊ယဉ်ကျေးမှု အမျိုးမျိုးရှိနိုင်တယ်။ ရှမ်း၊ကချင် ဒေသတွေဆို တိုင်းရင်းသားပေါင်းစုံတယ်။ ဒီဒေသတွေမှာ ငြိမ်းချမ်းရေးရပြီဆိုရင် တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုထူထောင်နိုင်မယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံက ဆိုပါတယ်။
ကချင်ပြည်နယ်ဒေသခံတွေ့ဆုံပွဲကိုတော့ ပြည်သူပေါင်း ထောင်နဲ့ချီတက်ရောက်ခဲ့ကြပြီး မဲနှိုက်ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူအချို့က ဒေသတွင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာ သက်ဆိုင်ရာ အစိုးရတွေကလည်း ဆောင်ရွက်ပေးနိုင်ဖို့ အတွက် ပြန်လည်ဖြေကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဇန်နဝါရီ ၁၀ ရက်က မနောကွင်းမှာ ကျင်းပတဲ့ (၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားကိုလည်း တက်ရောက်အားပေးခဲ့ပါတယ်။
Share