လူပေါင်းထောင်ချီ အလုပ်လျှော့နေတဲ့ နည်းပညာကုမ္ပဏီကြီးတွေစာရင်းမှာ Amazon လည်း ပါလာပြီ ဖြစ်ပါတယ်။
နာမည်ကျော် e-Commerce လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Amazon ဟာ ဒီတစ်ပတ်ထဲ ဝန်ထမ်းအင်အား ၁၀၀၀၀ အထိ အလုပ်လျှော့သွားဖို့ ရှိတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ ဒါဟာ Amazon သမိုင်းမှာ အကြီးမားဆုံးဝန်ထမ်းလျှော့ချမှုတစ်ခုလည်း ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Twitter နဲ့ Meta တို့ရဲ့ ဝန်ထမ်းအင်အားလျှော့ချမှုတွေအကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြလာချိန်မှာ Amazon ကလည်း ဝန်ထမ်းအမြောက်အများလျှော့ချမယ့်အကြောင်း ကြေညာလိုက်တာပါ။
Photo: entrepreneur
ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ Meta ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း ၁၁၀၀၀ ကို အလုပ်ဖြုတ်မယ့်အကြောင်း ကြေညာထားသလို အီလွန်မတ်စ်ပိုင် Twitter လူမှုကွန်ရက်ကုမ္ပဏီကလည်း ဝန်ထမ်းအင်အားထက်ဝက်ကျော် နဲ့ ကန်ထရိုက်အလုပ်သမား ၄၄၀၀ ခန့်ကို အလုပ်ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ Amazon ရဲ့ ဝန်ထမ်းလျှော့ချမှုဟာ Alexa ထုတ်ကုန်တွေ အပါအဝင် ကုမ္ပဏီရဲ့ထုတ်ကုန်စီးပွားရေးပိုင်း ၊ လူ့စွမ်းအားအရင်းအမြစ်ဌာန နဲ့ လက်လီအရောင်းဌာနတွေကို အဓိက ပစ်မှတ်ထားဦးတည်သွားဖို့ ရှိပါတယ်။
Amazon ရဲ့ လူလျှော့တဲ့ပမာဏဟာ ကုမ္ပဏီရဲ့ ကမ္ဘာ့ဝန်ထမ်းအင်အားစုရဲ့ ၁% အောက် နဲ့ ကော်ပိုရိတ်ဝန်ထမ်းအင်အားရဲ့ ၃% ကို ကိုယ်စားပြုပါတယ်။ ၂၀၁၉ ခုနှစ်အကုန်မှာ Amazon ဟာ ဝန်ထမ်းအင်အား ၇၉၈၀၀၀ ခန့်အပ်ထားတယ်လို့ အစီရင်ခံထားပြီး ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အချိန်ပြည့်နဲ့ အချိန်ပိုင်းဝန်ထမ်းအင်အား ၁.၆ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။ The New York Times ရဲ့ အဆိုအရ လျှော့ချသွားမယ့် ဝန်ထမ်းအရေအတွက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။
လာမယ့်သီတင်းပတ်ဟာ ခရစ္စမတ်ဈေးဝယ်ကာလဖြစ်ပြီး Amazon အတွက် အလွန်အရေးကြီးတဲ့ ကာလဖြစ်လို့ ပုံမှန်အားဖြင့် ဒီလိုအားလပ်ရက်တွေမှာ ဝန်ထမ်းအင်အားတိုးခေါ်လေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ အန်ဒီ ဂျက်ဆီ CEO ရာထူးကို ရယူပြီးနောက်မှာတော့ ကုမ္ပဏီဟာ အရောင်းနှေးကွေးမှုနဲ့ ကမ္ဘာ့စီးပွားရေး အကျဘက်ဦးလှည့်မှုတွေကို ရင်ဆိုင်နေချိန် ငွေကြေးထိန်းထားဖို့ ကုန်ကျစရိတ်လျှော့ချရေးဘက်ကို ပိုအာရုံစိုက်လာပါတယ်။
Photo: KIRO 7
Amazon ဟာ လက်လီစီးပွားရေးဘက်က ကော်ပိုရိတ်အခန်းကဏ္ဍ လူခေါ်မှုရပ်ဆိုင်းကြောင်း ကြေညာထားသလို ပြီးခဲ့တဲ့ လပိုင်းတွေမှာ Amazon Telehealth ဝန်ဆောင်မှု ၊ Amazon Glow ကလေးသုံး Video-Call ထုတ်ကုန်လုပ်ငန်းတို့အပြင် အမေရိက Call Center တစ်ခုကလွဲရင် အကုန်ပိတ်ချခဲ့ပါတယ်။ အမေရိကန်နဲ့ ယူကေတို့မှာ ရှိတဲ့ Amazon လက်လီစတိုး ၆၈ ဆိုင် ပိတ်ခဲ့သလို လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းတဲ့ Amazon Pop Up ၊ Amazon 4-Star ၊ Amazon Books စာအုပ်ဆိုင်တွေလည်း ပိတ်ခဲ့ပါတယ်။ သိုလှောင်ရုံသစ်တည်နေရာတွေ ဖျက်သိမ်းတာ ၊ ပိတ်သိမ်းတာတွေလည်း လုပ်ဆောင်ထားပါတယ်။
၂၀၂၀ ဧပြီလကစလို့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်ခဲ့တဲ့ Amazon ဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ထရီလီယံအောက် ရောက်ခဲ့ပါတယ်။ ဒီနှစ်အတွက် Amazon စတော့ဟာ ၄၁% ခန့် ကျဆင်းခဲ့ပြီး S&P 500 ကုမ္ပဏီစာရင်းမှာ ၁၄% ကျော် ကျဆင်းခဲ့တာကြောင့် ၂၀၀၈ အလွန် အဆိုးဆုံးနှစ်ထဲ ရောက်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။