သမိုင်းမှာ အချမ်းသာဆုံးလူသားဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်ကတော့ COVID-19 ကာလမှာလည်း ဆက်လက်ကြီးပွားနေဆဲ ဖြစ်ပါတယ်။
Amazon CEO ဂျက်ဖ်ဘီဇော့စ်ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၂၀၂ ဘီလျံ ရှိနေတယ်လို့ Bloomberg Billionaires Index က ဖော်ပြထားပါတယ်။ ဘီဇော့စ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ဒေါ်လာဘီလျံ ၂၀၀ ကျော် ချမ်းသာတဲ့ ပထမဆုံးလူသားလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဂျက်ဖ်ဘီဇော့စ်ဟာ ဒေါ်လာ ဘီလျံ ၉၀ ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ နောက်တစ်နှစ်ဖြစ်တဲ့ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၁၅၀ ဘီလျံနဲ့ အထက်ကို ရောက်ခဲ့ပြီး သမိုင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
Photo: Fortune
အခုချိန်မှာ သူဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်စ်ထက် ဒေါ်လာ ၈၈.၅ ဘီလျံကျော် ပိုပြီး ချမ်းသာနေတာပါ။ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ လက်ရှိမှာ ဒေါ်လာ ၁၁၆.၁ ဘီလျံ ချမ်းသာသူ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် အင်တာနက်ဒေ့ါကွန်းခေတ်ရဲ့ အမြင့်ဆုံးကာလ ဒေါ်လာဘီလျံ ၁၀၀ ပိုင်ခဲ့တဲ့ ဘီလ်ဂိတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒီနေ့ခေတ် ငွေကြေးနဲ့ဆိုရင် ဒေါ်လာ၁၅၈ ဘီလျံရှိမယ်လို့ Forbes သတင်းက ဆိုပါတယ်။
ဂျက်ဖ်ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်တစ်နိုင်ငံလုံး GDP ရဲ့ ၁% ရှိပါတယ်။ အမေရိကန်စီးပွားကူးသန်းဌာနရဲ့ အဆိုအရ ၂၀၂၀ ပထမသုံးလပတ် အမေရိကန်နိုင်ငံရဲ့ GDP ဟာ ဒေါ်လာ ၂၁.၆ ထရီလီယံရှိပြီး ဒုတိယသုံးလပတ်မှာ ဒေါ်လာ ၁၉.၄ ဘီလျံကို ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo: Business Insider
Amazon ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ အွန်လိုင်းရောင်းအား ထိုးတက်လာမှုနဲ့ ကြုံခဲ့ပါတယ်။ COVID-19 ကပ်ဘေးကြောင့် လူတွေဟာ လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေကို အွန်လိုင်းကနေ ဈေးဝယ်ရာကနေ Amazon ရဲ့ ဈေးကွက်တန်ဖိုး မြင့်တက်ခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာလည်း ဒေါ်လာ ၁.၇ ထရီလီယံအထိ ရောက်ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်အတွင်း Amazon ဟာ Wall Street ရဲ့ ခန့်မှန်းချက်ကို ကျော်ပြီး အသားတင်အမြတ် ဒေါ်လာ ၅.၂ ဘီလျံ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။