Amazon ရဲ့ ငွေပေးချေမှုနည်းပညာသစ်ကို ကယ်လီဖိုးနီးယားက အစားအသောက်လက်ကားရောင်းတဲ့ Whole Foods ဆိုင်တွေပေါင်း ၆၀ ကျော်မှာ ထပ်တိုး အသုံးပြုလာပြီလို့ ဆိုပါတယ်။
ကမ္ဘာကျော် e-Commerce ကုမ္ပဏီ Amazon ဟာ Amazon One လို့ ခေါ်တဲ့ လက်ဖဝါးပြင်ဖတ် ငွေပေးချေရေးနည်းပညာကို ကယ်လီဖိုးနီးယားပြည်နယ်က Whole Foods ဆိုင်ပေါင်း ၆၅ ဆိုင်ကျော်မှာ ထပ်မံတိုးချဲ့လာတာလို့ Engadget က ဖော်ပြပါတယ်။ Amazon One ငွေချေနည်းပညာကို လော့စ်အိန်ဂျလိစ်က Malibu ၊ Montana Avenue နဲ့ Santa Monica နယ်မြေတွေမှာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်ပိုင်းမှာ Amazon ကုမ္ပဏီဟာ လက်ဖဝါးကို ကိုယ်ပိုင်ခရစ်ဒစ်ကတ်လို သုံးနိုင်မယ့် လက်ဝါးပြင်ဖတ်နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ Amazon One နည်းပညာ သုံးမယ့်သူတွေဟာ လက်ဖဝါးပြင်နဲ့ မှတ်ပုံတင်နိုင်ဖို့ Amazon Go ဆိုင်အဝင်က credit card စကင်ဖတ်နိုင်တဲ့ နေရာမှာ ကတ်အရင် ထည့်ပြီး လက်ဖဝါးကို register လုပ်ရတာ ဖြစ်ပါတယ်။ Amazon One ဟာ မျက်နှာပြင်ဖတ် နည်းပညာလိုပဲ လက်ကို ဖတ်ရှုပြီး လူကို မှတ်သားတာ ဖြစ်ပြီး Amazon Go ရောင်းသူမဲ့ cashierless store တွေမှာ ပထမဆုံး အသုံးပြုခဲ့တာပါ။
လက်ဖဝါးမှတ်ပုံတင်ပြီးတာနဲ့ Amazon Go ဆိုင်တွေထဲ ဝင်မယ်ဆိုရင် ကတ်ဖတ်တဲ့နေရာမှာ လက်ဖဝါး ပြသွားရမှာ ဖြစ်ပါတယ်။ Amazon One နည်းပညာ မသုံးချင်သူတွေဟာ အရင်အတိုင်း Amazon app နဲ့ ဖြစ်စေ ငွေသားပေးချေပြီး ဖြစ်စေ သုံးနိုင်မှာ ဖြစ်ပါတယ်။ Amazon One လက်ဖဝါးပြ ငွေပေးချေရေး နည်းပညာကိုဈေးဝယ်ဖို့အတွက်တင်မဟုတ်ဘဲ အားကစားပွဲနဲ့ ရှိုးပွဲတွေမှာလည်း လက်မှတ်တွေနေရာမှာ အစားထိုးအသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။
ဒီနည်းပညာကို လာမယ့်သီတင်းပတ်တွေမှာ LA ၊ Orange County ၊ Sacramento ၊ San Francisco Bay Area နဲ့ Santa Cruz တို့ မှာရှိတဲ့ နောက်ထပ်စတိုးဆိုင်တွေမှာ အသုံးပြုနိုင်အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။ ကယ်လီဖိုးနီးယားမှာတော့ Amazon One လက်ဖဝါးပြင်ဖတ် ငွေပေးချေရေး နည်းပညာကို Glendale မှာ ရှိတဲ့ Amazon Style ဖက်ရှင်စတိုး နဲ့ တချို့ Fresh နဲ့ Go ဆိုင်ရှိရာ နေရာတွေမှာ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။
Amazon ဟာ စာအုပ်ဆိုင်တွေအပြင် လတ်ဆတ်တဲ့ အသီးအနှံတွေ ရောင်းချတဲ့ Fresh စတိုးဆိုင်တွေ ဖွင့်လှစ်ထားတာ ဖြစ်ပြီး Amazon One အသုံးပြုမှုကိုလည်း မြှင့်တင်သွားဖို့ ရှိပါတယ်။