ဟင်းပွဲအမျိုးအစားပေါင်း (၃၀) ကျော်ရှိပြီး ပုဇွန်၊ ကြက်၊ဝက်၊ အမဲနဲ့ ငါးအမျိုးမျိုးကို အရသာမျိုးစုံနဲ့ချက်ပြုတ်ထားတာပါ။

အိမ်ချက်လက်ရာ ဆီပြန်ရေကျန်ဟင်းလက်ရာလေးကို ငါးပိရည်၊ တို့စရာအစုံအလင်နဲ့ စားချင်တဲ့သူတွေအတွက် သာကေတမြို့နယ်က နွေမမြန်မာထမင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ဆိုင်ဖွင့်သက်တမ်း (၁၀) နှစ်ကြာခဲ့ပေမယ့် တစ်ဆင့်စကားတစ်ဆင့် မှတ်ချက်ကောင်းတွေကြောင့် လွန်ခဲ့တဲ့ (၃) (၄) နှစ်မှာ လူသိပိုများလာခဲ့တာပါ။





နွေမမြန်မာထမင်းဆိုင်လေး ဘယ်လိုစ 


ဒီဆိုင်လေးက အစက ထမင်းဆိုင်မဟုတ်ခဲ့ပါဘူး။ ဆိုင်ရှင်ဖြစ်သူ ဒေါ်ကျင်တိုးက ရခိုင်မုန့်တီနဲ့ အအေးစရောင်းခဲ့ပြီး နဂိုတည်းက ဟင်းချက်လက်ရာကောင်းတာကြောင့် လာစားတဲ့သူတွေက ထမင်းဆိုင်လေး ဖွင့်ဖို့ အကြံပေးရင်းနဲ့မှ ထမင်းဆိုင်လေး ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

“ အန်တီ့အမျိုးသား က ကားလုပ်ငန်းလုပ်တယ်။ သူမျက်လုံးကင်ဆာဖြစ်တော့ အန်တီတို့က ကားလုပ်ငန်းဆက်မလုပ်နိုင်တာ့ဘဲ အသုပ်စရောင်းတာပေါ့နော်။ အသုပ်ရောင်းရင်း အန်တီက ဟင်း ၂ မျိုး ၃ မျိုးလောက် အစကတည်းကချက်စားတော့ စားသုံးသူတွေက လာရင်းနဲ့ အန်တီလက်ရာကောင်းတယ် ထမင်းဆိုင်လေး ဖွင့်ပါလားဆိုပြီးတော့ ဖြစ်လာတာပါ” လို့ ဆိုပါတယ်။



နွေမဆိုတဲ့အမည်လေးနဲ့ သားစဉ်မြေးဆက်လုပ်ငန်းဖြစ်ဖို့ ရည်ရွယ်


နွေမဆိုတဲ့ အမည်လေးက အအေးစရောင်းစဉ်ကတည်းက အမည်ဖြစ်ပါတယ်။ ထမင်းဆိုင်လေး စလုပ်တော့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲတဲ့ နွေမအမည်လေးကိုပဲ ယူပြီးကိုယ်ပိုင်အမှတ်တံဆိပ်လေးဖြစ်အောင် ဆိုင်ရှင် ဒေါ်ကျင်တိုးရဲ့ ပုံလေးနဲ့ အမှတ်တံဆိပ် (Logo) လေးပြုလုပ်ခဲ့တာပါ။ 

“ Logo ကိုလည်း သားသမီးတွေက မေ့မေ့နာမည်နဲ့ လုပ်ရအောင်ပေါ့။ အန်တီကတော့ အန်တီမရှိတော့ရင်လည်း သားစဉ်မြေးဆက် ဒီနာမည်လေးနဲ့ ဆက်လုပ်စေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ဥပမာ ဓနုဖြူ ဒေါ်စောရီတို့လိုပေါ့။ “ ဆိုပြီး ဆိုင်လေးကို အမှတ်တံဆိပ်နဲ့ ဖြစ်လာခဲ့ပုံကို ရှင်းပြပါတယ်။ 


ထမင်းတစ်ပွဲ ၂၀၀၊ ဟင်းတစ်ပွဲ ၅၀၀ က စခဲ့ 


လွန်ခဲ့တဲ့ (၁၀) နှစ် ထမင်းဆိုင်လေး စတင်ဖွင့်လှစ်စဉ်မှာတော့ ထမင်းတစ်ပွဲ ၂၀၀၊ ဟင်းတစ်ပွဲ ၅၀၀ နဲ့ စရောင်းခဲ့တာပါ။ အခုတော့ ဆိုင်လေးက တစ်ဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပြီး တစ်နေ့ကို သိန်း ၂၀ ရောင်းအားရှိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

“ ဒီလိုနာမည်ရအောင် ကြိုးစားခဲ့ရတာပေါ့နော်။အရသာကိုအန်တီကိုယ်တိုင် နယ်တယ်။ အခုကျန်းမာရေးမကောင်းလို့သာ ဝင်မချက်တာ။ အိမ်မှာလည်း သားသမီး သားမက်တွေက အစ အကုန်ချက်တတ်တယ်။ အန်တီတို့က မိသားစုလုပ်ငန်းလိုဖြစ်နေတော့ စားသုံးသူတွေကို ဝန်ထမ်းတွေနဲ့ မလွှတ်ထားဘူး။ ဝန်ဆောင်မှုက အစ အရသာပိုင်း အကုန် ကိုယ်တိုင်ပဲ လုပ်တယ်။ အန်တီ့ဆိုင်လေး ဒီလိုဖြစ်လာ‌အောင် အားပေးတာက စားသုံးသူတွေပေါ့။ စားသုံးသူရှိမှ အောင်မြင်မှုရတာလေ။ လက်ရာဘယ်လောက်ကောင်းကောင်း စားသုံးသူမရှိရင် ဘာမှ မထူးပါဘူး။ အန်တီတို့က စားသုံးသူ ဘာလိုအပ်လဲ အကုန်ပြုပြင်တယ် “ လို့ ဆိုပါတယ်။ 



ဆိုင်လေးရဲ့လိပ်စာနဲ့ ဈေးနှုန်း


ဒီဆိုင်လေးမှာ ဟင်းပွဲအမျိုးအစားပေါင်း (၃၀) ကျော်ရှိပြီး ပုဇွန်၊ ကြက်၊ဝက်၊ အမဲနဲ့ ငါးအမျိုးမျိုးကို အရသာမျိုးစုံနဲ့ချက်ပြုတ်ထားပြီး ဟင်းတစ်ပွဲ အနည်းဆုံး (၃၅၀၀) က စရှိတာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ သာကေတမြို့နယ် စုပေါင်းအိမ်ရာ၊ မြင်တော်သာလမ်းနဲ့ ဧရာဝဏ်လမ်းထောင့်မှာတည်ရှိပြီး မနက် (၁၀) နာရီဆိုရင်‌တော့ဟင်းပွဲတွေ အစုံအလင်နဲ့ စတင်ဖွင့်လှစ်ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်က မြန်မာထမင်းဆိုင်လက်ရာလေးကို မြည်းစမ်းချင်သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က