လေကြောင်းခရီးစဥ်များဖြင့် ရောက်ရှိလာခဲ့သူ ၈,၄၀၀ ကျော်ကို စောင့်ကြည့်နေပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ စိုးရိမ်ပူပန်မှုအရ လေကြောင်းခရီးစဥ်များဖြင့် ရောက်ရှိလာခဲ့သူ ၈,၄၀၀ ကျော်ကို COVID-19 ရောဂါဗိုင်းရပ်စ်လက္ခဏာများအတွက် စောင့်ကြည့်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက် မနက်ပိုင်းအထိ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀ ဦး စစ်ဆေးတွေ့ရှိထားပါတယ်


(Photo: AP)

ကယ်လီဖိုးနီးယားမှာ ဗိုင်းရပ်စ်သံသယဖြင့် စောင့်ကြည့်မှုတွေ ဆောင်ရွက်နေပေမဲ့ စမ်းသပ်ကိရိယာများ လိုအပ်နေပြီး ပြည်ထောင်စုအစိုးရက အထောက်အပံ့ပေးထားတဲ့ စမ်းသပ်စစ်ဆေးမှု နည်းလမ်းများဖြင့် လုပ်ဆောင်နေတယ်လို့လည်း Gavin Newsom က ဆိုပါတယ်။ ကယ်လီဖိုးနီးယားမှာ စမ်းသပ်စစ်ဆေးကိရိယာ ၂၀၀ မျှသာရှိနေပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို အမေရိကန်နိုင်ငံသားတွေကိုပါ တိုးချဲ့ပြုလုပ်ရန်အတွက် စီစဥ်နေပါတယ်။

လာမယ့်ရက်များအတွင်း အမေရိကန် Centers for Disease Control and Prevention (CDC) က စမ်းသပ်စစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး စစ်ဆေးကိရိယာတွေလည်း ပိုမိုထောက်ပံ့ပေးသွားမယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကယ်လီဖိုးနီးယားမှာ မည်သည့်နေရာမှ ကူးစက်ခဲ့ကြောင်း မသိရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံ အမျိုးသမီးတစ်ဦး တွေ့ရှိထားပါတယ်

(Photo: AFP)

ကယ်လီဖိုးနီးယားမှာ မည်သည့်နေရာမှ ကူးစက်ခဲ့ကြောင်း မသိရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံ အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) က တွေ့ရှိခဲ့ရာ အမေရိကန်လူထုကြားမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်နိုင်ခြေရှိလာပါတယ်။

ကယ်လီဖိုးနီးယားမြောက်ပိုင်း ဆိုလာနိုကောင်တီမှာ နေထိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ အမျိုသမီးလူနာဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် အစောပိုင်းမှာ ၎င်းကို COVID-19 ဗိုင်းရပ်စ်စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။

(Photo: AFP)

ယနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၇၈၈ ဦး၊ အီရန်မှာ ၂၆ ဦး၊ အီတလီမှာ ၁၇ ဦး၊ တောင်ကိုရီးယားမှာ ၁၃ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်နဲ့ ဂျပန်မှာ ၄ ဦးစီ၊ ဟောင်ကောင်နဲ့ ပြင်သစ်မှာ ၂ ဦးစီ၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၈၅၈ ဦးသို့ မြင့်တက်လာပါတယ်။

မည်သည့်နိုင်ငံမှ ဗိုင်းရပ်စ်ကနေ လွတ်လိမ့်မှာမဟုတ်ကြောင်းလည်း WHO အကြီးအကဲက သတိပေးခဲ့ပါတယ်

ဖေဖေါ်ဝါရီ ၂၈ ရက် မနက်အစောပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၈၂၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၃,၃၀၄ ဦးရှိလာပြီး ၃၆,၄၉၈ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။ သီးခြားသတင်းတွေအရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံပြီး ဆေးကုသမှုကြောင့် သက်သာသွားသူတွေထံမှာ ဗိုင်းရပ်စ်ပြန်တွေ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယခုရက်ပိုင်းအတွင်း တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုနဲ့ သေဆုံးမှု အရေအတွက် ဆက်တိုက် လျော့ကျလာခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်ကဲ့သို့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၀၂၂ ဦး၊ အီတလီမှာ ၆၅၀ ဦး၊ အီရန်မှာ ၂၄၅ ဦးနဲ့ ဂျပန်မှာ ၂၀၂ ဦးအထိ ရှိလာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံသူ အရေအတွက် နောက်ထပ် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်တားဆီရန် စာသင်ကျောင်းအားလုံးကို မတ်လ ၂ ရက်မှစပြီး ဧပြီလဆန်းအထိ ပိတ်ထားမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကမ္ဘာအနှံ့ ဖြစ်ပွားတဲ့ pandemic အဆင့်ဖြစ်ရန် အလားအလာရှိကြောင်း WHO က ပြောပါတယ်

ထိုအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizaion - WHO) က COVID-1 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ အဆုံးအဖြတ် အခိုက်အတန့်ကိုရောက်ရှိနေပြီး ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့မှု pandemic အဆင့်ဖြစ်ရန် အလားအလာရှိကြောင်း ပြောပါတယ်။ မည်သည့်နိုင်ငံမှ ဗိုင်းရပ်စ်ကနေ လွတ်လိမ့်မှာမဟုတ်ကြောင်းလည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးခဲ့ကြောင်း သိရပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။

Source: AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က