ရောဂါလက္ခဏာပြခြင်း မပြခြင်းအပေါ် အဓိကမထားဘဲ အားလုံးကို ဗိုင်းရပ်စ်စစ်ဆေးမှုများ အခမဲ့ လုပ်ဆောင်ပေးမှာပါ။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့နဲ့ လော့စ်အိန်ဂျလိစ်ကောင်တီမှာ COVID-19 ရောဂါလက္ခဏာပြခြင်း မပြခြင်းအပေါ် အဓိကမထားဘဲ ဒေသခံအားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ အခမဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

(Photo: LA Times)

လော့စ်အိန်ဂျလိစ်ကောင်တီမှာ တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ အမြင့်ဆုံးနှုန်းဖြင့် တိုးလာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြို့တော်ဝန် Eric Garcetti က ဒေသခံအားလုံးကို အခမဲ့ ဗိုင်းရပ်စ်စစ်ဆေးမှု အစီအစဥ်ကို ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။



လက်ရှိအချိန်အထိတော့ လော့စ်အိန်ဂျလိစ်မှာ စစ်ဆေးမှုကိရိယာ မလုံလောက်မှုကြောင့် မဖြစ်မနေ စစ်ဆးရမယ့် ဝန်ထမ်းများနဲ့ ရောဂါလက္ခဏရှိသူများကိုသာ ဗိုင်းရပ်စ်စစ်ပေးခဲ့ပါတယ်။ ထိုအတောအတွင်း ကယ်လီဖိုးနီးယားပြည်နယ် Orange County ရှိ ကမ်းခြေအားလုံးကို ပိတ်ထားရန် ပြည်နယ်အစိုးရက အမိန့်ထုတ်လိုက်ကြောင်းလည်း သိရပါတယ်။

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကမ်းခြေအချို့ကို ရက်သတ္တပတ်ကြာ ပိတ်ထားခဲ့ပေမဲ့ အခြား ကမ်းခြေတွေကိုတော့ လူများ ခပ်ခွာခွာနေကြရမယ့် စည်းမျဥ်းစည်းကမ်းများနဲ့အတူ ဆက်လက် ဖွင့်ထားခဲ့ပါတယ်။ Orange County ဆက်လက်ဖွင့်ထားတဲ့ ကမ်းခြေတွေမှာ သီတင်းပတ်ကုန် ရက်များအတွင်း လူအများအပြား လာရောက်ခဲ့တာ တွေ့ရပါတယ်။

ထိုအခြေအနေမှာ ကမ်းခြေကိုလာရောက်ပြီး နေပူစာလှုံကြသူအချို့က COVID-19 တိုက်ဖျက်ရေး စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်မှုတွေရှိလာခဲ့ရာ လော့စ်အိန်ဂျလိစ်တောင်ဘက်ရှိ Orangee Count မှ ကမ်းခြေများကို ပိတ်ထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

(Photo: Getty Images)

ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ COVID-19 ကူးစက်မှုတွေရဲ့ ထက်ဝက်နီးပါးကို လော့စ်အိန်ဂျလိစ်ကောင်တီမှာ တွေ့ရှိထားရပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၉၀၀ ရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေအနက် အမေရိကန်က အများဆုံးလည်း ဖြစ်နေပါတယ်။ ယနေ့ (မေ ၁ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ ကူးစက်ခံရသူ တစ်သန်းကျော် (၁,၀၉၅,၀၁၉ ဦး) နဲ့ သေဆုံးသူ ၆၃,၈၅၆ ဦးအထိ မြင့်တက်ခဲ့ပြီး ပြန်လည်သက်သာသူ ၁၅၂,၃၂၄ ဦး ရှိခဲ့ပါတယ်။

Source: NPR, LA Times, BBC

Share

Loading Next Article...
က္က