ရဲက ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသမီး သေဆုံးမှုအတွက် စွဲချက်မတင်ကြောင်း ဆုံးဖြတ်ပြီးနောက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ရဲတပ်ဖွဲ့က တိုက်ခန်းကို ဝင်ရောက်စီးနင်းစဥ် ဆေးရုံဝန်ထမ်း လူမည်းအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုဖြစ်ရပ်အတွက် မည်သူ့ကိုမှ စွဲချက်မတင်ကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြမှုများအတွင်း ရဲအရာရှိနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပါတယ်။

(Photo: AFP)

ကင်တက်ကီပြည်နယ် လူးဝစ်ဗီလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စွဲချက်မတင်ကြောင်း ဂျူရီအဖွဲ့ဆုံးဖြတ်ချက်ကို ရှေ့နေချုပ်က စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် ညသန်းခေါင်အချိန်က ဆေးရုံဝန်ထမ်း လူမည်းအမျိုးသမီး ဘရီရိုနာတေလာရဲ့ တိုက်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့စဥ် သူမကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။



အသက် ၂၆ နှစ်အရွယ် တေလာဟာ လက်နက်ကိုင်ဆောင်ထားခဲ့တဲ့ သူမရဲ့ချစ်သူ Kenneth Walker နဲ့ အတူရှိနေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ တေလာရဲ့တိုက်ခန်းကို ရဲအရာရှိတွေဖြစ်ကြတဲ့ Brett Hankison, Jonathan Mattingly နဲ့ Myles Cosgrove တို့က ဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

(ဘရီရိုနာတေလာ) (Photo: Taylor/Facebook)

ထိုသို့ ဝင်ရောက်စီးနင်းစဥ် တေလာရဲ့ချစ်သူ Kenneth Walker က ၎င်းတို့ကို ပစ်ခတ်ခဲ့ရာမှ ရဲအရာရှိတွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း တေလာ သေဆုံးခဲ့ပြီး Jonathan Mattingly ဟာ ပေါင်မှာဒဏ်ရာရခဲ့ပါတယ်။ ရဲအရာရှိတွေက စုစုပေါင်း သေနတ်ဖြင့် ၃၂ ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း FBI အစီရင်ခံစာက ဖော်ပြပါတယ်။

တေလာရဲ့ချစ်သူ Kenneth Walker က လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်သူဖြစ်ပြီး ကနဦးမှာ ၎င်းကို ရဲအရာရှိအား သတ်ရန်နဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခဲ့သေးပေမဲ့ မေအတွင်း ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ပြစ်ဒဏ်စီရင်ခံထားရသူ တေလာရဲ့ ချစ်သူဟောင်း Jamarcus Glover နဲ့ ဆက်စပ်ပြီး သူမရဲ့တိုက်ခန်းကို ဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

(Brett Hankison, Jonathan Mattingly နဲ့ Myles Cosgrove) (Photo: LMPD)

Jamarcus Glover ဟာ မူးယစ်ဆေးဝါးအထုပ်များ လက်ခံရာမှာ တေလာရဲ့တိုက်ခန်းလိပ်စာကို အသုံးပြုခဲ့တာဖြစ်ပြီး တေလာကိုယ်တိုင်ကတော့ ပြစ်မှုမှတ်တမ်းမရှိပါဘူး။ တေလာရဲ့တိုက်ခန်းကို ဝင်ရောက်စီးနင်းခဲ့စဥ်ကလည်း မူးယစ်ဆေးဝါး မတွေ့ခဲ့ကြောင်း သိရပါတယ်။

ရဲအရာရှိတွေက တိုက်ခန်းကို ဝင်ရောက်စီးနင်းစဥ် တေလာနဲ့အတူရှိနေတဲ့ သူမရဲ့ချစ်သူ Kenneth Walke က ဖောက်ထွင်းကျူးကျော်သူတွေလို့ ထင်ခဲ့မိရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ New York Times သတင်းက ဆိုပါတယ်။ တေလာရဲ့တိုက်ခန်းကို စီးနင်းခဲ့တဲ့ ရဲအရာရှိသုံးဦးအနက် Brett Hankison ကို စွဲချက်တင်ခဲ့ပေမဲ့ တေလာ သေဆုံးမှုနဲ့မဟုတ်ဘဲ လူးဝစ်ဗီလီမြို့ရှိ အိမ်နီးချင်း တိုက်ခန်းတစ်ခန်းထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဖြစ်ပါတယ်။

(Photo: Eduardo Munoz Alvarez/AP)

အခြား ရဲအရာရှိနှစ်ဦးဖြစ်တဲ့ Jonathan Mattingly နဲ့ Myles Cosgrove တို့ကိုတော့ စွဲချက်မတင်ကြောင်း ကင်တက်ကီပြည်နယ် ရှေ့နေချုပ် Daniel Cameron က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုသို့ကြေညာခဲ့ပြီးနောက် လူးဝစ်ဗီလီမြို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်‌ပေါက်လာခဲ့ပြီး ဆန္ဒပြမှုအတွင်း ရဲအရာရှိနှစ်ဦး ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲအရာရှိနှစ်ဦးဟာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနဲ့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း လူးဝစ်ဗီလီမြို့ ရဲတပ်ဖွဲ့အကြီးအကဲ Robert Schroeder က ပြောပါတယ်။ ရဲအရာရှိတွေက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တေလာအတွက် သူမရဲ့ မိသားစုကို အမေရိကန်ဒေါ်လာ ၁၂ သန်း နစ်နာကြေးပေးရန် လူဝစ်ဗီလီမြို့ အာဏာပိုင်တွေက သဘောတူညီထားကြောင်း မြို့တော်ဝန် Mayor Fischer က ယခုလအတွင်း ကြေညာခဲ့ပါတယ်။ လူးဝစ်ဗီလီမြို့မှာ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီမှစပြီး ၇၂ နာရီကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပါတယ်။

.

Share

Loading Next Article...
က္က