အမေရိကန်မှာ WeChat ဝန်ဆောင်မှု ပိတ်ပင်တဲ့ သမ္မတထရမ့်အစိုးရအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာကြောင့် တရားစွဲသွားမယ်လို့ WeChat သုံးစွဲသူများအဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။
တရားစွဲဆိုမှုကို ဆန်ဖရန်စစ္စကိုတရားရုံးမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး US WeChat Alliance Group မှ တရားစွဲသွားမှာ ဖြစ်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။ အကျိုးအမြတ်မရည်ရွယ်တဲ့ ဒီအဖွဲ့ဟာ WeChat app ကုမ္ပဏီ Tencent နဲ့လည်း အဆက်အသွယ်မရှိတဲ့ အဖွဲ့လို့ ဆိုပါတယ်။
Photo: Financial Times
ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတရဲ့ အမိန့်ဟာ သုံးစွဲသူတွေရဲ့ ဥပဒေဘောင်အတွင်းက အခွင့်အရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေကို ချိုးဖောက်နေတယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒီပိတ်ပင်မှုဟာ တရုတ်-အမေရိကန်တွေကို ပစ်မှတ်ထားတာလို့လည်း ဆိုပါတယ်။
"ဒါက အမေရိကန်နိုင်ငံအတွင်မှာ နေထိုင်နေတဲ့ တရုတ်စကားပြောလူ့အသိုင်းအဝိုင်းရဲ့ အဓိကဆက်သွယ်ရေး app ပါ။ ချစ်ခင်ရသူတွေအချင်းချင်း ဆက်သွယ်ဖို့ ၊ အထူးတလည်ကိစ္စတွေကို မျှဝေဖို့နဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေ ပေးပို့ဖို့အပြင် နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ထောက်ခံမှုတွေလုပ်ဆောင်ဖို့ပါ သုံးတာပါ။"လို့ တရားစွဲမှုမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်ပဲ WeChat app ဟာ အမေရိကန်နိုင်ငံအတွင်းက တရုတ်လူမျိုးတွေရဲ့ နေ့စဉ်ဘဝကိစ္စရပ်တွေအတွက် မရှိမဖြစ် အသုံးပြုနေတဲ့ app ဖြစ်တယ်လို့ ဆိုပါတယ်။ ထရမ့်အစိုးရအဖွဲ့ကို တရားစွဲထားတဲ့ WeChat Alliance Group ကတော့ အစိုးရအဖွဲ့အနေနဲ့ WeChat ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ကြောင်း အထောက်အထားပြဖို့ ပျက်ကွက်တယ်လို့လည်း ပြောထားပါတယ်။
Photo: The Hill
ဩဂုတ်လဆန်းပိုင်းမှာ သမ္မတထရမ့်ဟာ WeChat နဲ့အတူ တရုတ်လူမှုကွန်ရက် app တစ်ခုဖြစ်တဲ့ TikTok ကို ပိတ်ပင်မယ့် အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်ညွှန်ကြားချက်မှာ အမေရိကန်နိုင်ငံထဲ ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံအတွင်းမှ မိုဘိုင်းအက်ပလီကေးရှင်းတွေဟာ အမျိုးသားလုံခြုံရေး ၊ နိုင်ငံခြားရေးမူဝါဒ နဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။
App တွေကို စောင့်ကြည့်သုံးသပ်နေတဲ့ Apptopia ရဲ့ အချက်အလက်တွေအရ WeChaht ဟာ ကမ္ဘာတစ်လွှားမှာ သုံးစွဲသူ သန်း ၁၀၀၀ ကျော် ရှိနေပြီး အမေရိကန်နိုင်ငံအတွင်းမှာ နေ့စဉ်သုံးစွဲသူဦးရေ ၁၉ သန်းကျော် ရှိနေယ်လို့ ဆိုပါတယ်။ ဆက်စပ်သတင်းအရ TikTok မှလည်း အမေရိကန်အစိုးရအဖွဲ့ကို တရားစွဲထားပါတယ်။