Apple ဟာ အမေရိကန်စွမ်းအင်ဌာနအတွက် အထူး iPod တစ်လုံး ထုတ်လုပ်ရာမှာ ကူညီပေးခဲ့တယ်လို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးမှ ဖွင့်ချခဲ့ပါတယ်။
Apple အင်ဂျင်နီယာဟောင်း ဒေးဗစ်ရှယာဟာ အမေရိကန်စွမ်းအင်ဌာနမှ အင်ဂျင်နီယာနှစ်ဦးနဲ့ လက်တွဲပြီး special iPod တစ်လုံး တည်ဆောက်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်စီမံကိန်းတစ်ခုအတွက် တာဝန်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေးဗစ်ရှယာဟာ ဒီအကြောင်းကို TidBITS မှာ ပြန်မျှဝေခဲ့တာပါ။
Photo: gizmodo
customized လုပ်ထားတဲ့ ပဉ္စမမျိုးဆက် iPod ဟာ အသံကို လျှို့ဝှက်ဖမ်းယူနိုင်ပြီး အချက်အလက်တွေ သိမ်းဆည်းနိုင်မှာ ဖြစ်ပေမယ့် ဒီ iPod တွေ ထုတ်ရတဲ့ တကယ့်ရည်ရွယ်ချက်ကတော့ အခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၀၅ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒေးဗစ်ရှယာဟာ သူ့အတွေ့အကြုံကို ဝတ္ထုဆန်ဆန် ပြန်ပြီး ဇာတ်ကြောင်းပြန်ရေးသားခဲ့ပါတယ်။
" အဖြစ်အပျက်တွေက ၂၀၀၅ ခုနှစ် နှောင်းပိုင်း ခပ်မှိုင်းမှိုင်းနေ့တစ်ရက်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်က ကိုယ့်ခုံမှာ ထိုင်ပြီး နောက်နှစ်ထွက်မယ့် iPod အတွက် code ရေးနေခဲ့တာပါ။ အဲ့ဒီအချိန်မှာ ကျွန်တော့် အထက်လူကြီးရဲ့ ဘော့စ် ဖြစ်တဲ့ iPod ဆော့ဖ်ဝဲလ်ဒါရိုက်တာက အခန်းထဲ တံခါးမခေါက်ဘဲ ဗြုန်းဆို ရောက်လာပြီး တံခါးကို ပိတ်ရင်း တစ်ခါတည်း လိုရင်း ပြောလိုက်ပါတယ် ။"
"သူက ပြောတယ်။ ငါ့မှာ မင်းကို အထူးတာဝန်ပေးစရာတစ်ခု ရှိနေတယ်။ မင်းအထက်လူကြီး ဒီအကြေင်းကို မသိဘူး။ မင်းက စွမ်းအင်ဝန်ကြီးဌာနက အင်ဂျင်နီယာ နှစ်ယောက်ကို Special iPod တစ်လုံး တည်ဆောက်ရာမှာ ကူညီပေးရမယ်။ ရီပို့ကို ငါ့ဆီပဲတင်"လို့ ဒီဖြစ်ရပ်ကို ပြန်ပြောင်း ရေးထားပါတယ်။
Photo: Tech Times
ဒီလျှို့ဝှက်ပရောဂျက်ကို ဒေးဗစ်ရှယာ ၊ iPod ဆော့ဖ်ဝဲလ်ဒါရိက်တာ ၊ iPod ဌာန ဒုဥက္ကဌ နဲ့ Hardware အကြီးတန်း ဒုဥက္ကဌ လေးဦးပဲ သိထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အချင်းချင်းဆက်သွယ်မှုကလည်း လူကိုယ်တိုင်ဆက်သွယ်တာ ဖြစ်ပြီး စာရွက်စာတမ်းနဲ့ အလုပ်မလုပ်ခဲ့ဘူးလို့လည်း ဒေးဗစ်ရှယာက ပြောပါတယ်။
အခုတော့ Apple ကာယကံရှင် ၄ ဦးလည်း အလုပ်မှာ မရှိတော့ပါဘူး။ ဒီ iPod ကို သူလျှိုထောက်လှမ်းဖို့အတွက် သုံးနိုင်တယ်လို့ မှန်းဆပြောနေခဲ့ပေမယ့် ဘာအတွက် သုံးခဲ့သလဲဆိုတာကိုတော့ သူလည်း မသိခဲ့ဘူးလို့ Apple မှာ ၁၈ နှစ်တာ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒေးဗစ်ရှယာက ဝန်ခံထားပါတယ်။