League of Legends ရဲ့ Auto Chess ဗားရှင်းဖြစ်တဲ့ Teamfight Tactics ဂိမ်းဟာ Galaxies Championship အမည်ရ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို စတင်ကျင်းပနိုင်တော့မှာပါ။
Riot Games ကုမ္ပဏီဟာ ဒီသတင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး Teamfight Tactics: Galaxies Championship လို့အမည်ပေးထားတာကြောင့် ဒီပြိုင်ပွဲကို လက်ရှိ Set 3 သက်တမ်းမကုန်ခင် ကျင်းပသွားမယ်လို့ မျှော်လင့်ရပါတယ်။
Teamfight Tactics ဟာ League of Legends ဂိမ်းထဲမှ ဝင်ရောက်ကစားနိုင်တာ လအနည်းငယ်ကြာပြီဖြစ်ပေမယ့် မိုဘိုင်းပေါ်ကိုတော့ ပြီးခဲ့တဲ့လကမှ Soft Launch ပြုလုပ်ခဲ့ပါတယ်။ အခုထိ တရားဝင် Global ဗားရှင်းကိုလည်း မိုဘိုင်းပေါ်မှာ မထုတ်ပေးသေးပေမယ့် Esports အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခံရဖို့ စောစောစီးစီး ကြိုးစားလာတယ်လို့ ဆိုရမှာပါ။
ကမ္ဘာ့အကောင်းဆုံး TFT ကစားသမားတွေ ပါဝင်နိုင်ဖို့အတွက် ဒေသများစွာမှ အကောင်းဆုံးကစားသမား ၁၆ ဦးကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ဆုကြေးငွေနဲ့ ပြိုင်ပွဲကြီးကို ကျင်းပပေးမှာဖြစ်ပါတယ်။ တစ်ယောက်ချင်းစီ ကစားရတဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်တာကြောင့် နည်းတယ်လို့ မဆိုနိုင်ပါဘူး။
TFT: Galaxies Championship မှာ ပါဝင်ကစားရမယ့် ဒေသတွေကတော့ တရုတ် ၃ ဦး၊ ဥရောပ CIS နဲ့ အရှေ့အလယ်ပိုင်း သုံးနေရာပေါင်းမှ ၃ ဦး၊ ဂျပန် ၁ ၊ ကိုရီးယား ၁ ၊ မြောက်အမေရိက ၁ ၊ ဘရာဇီး ၂ ၊ လက်တင်အမေရိက ၂ ၊ တူရကီ ၁ ဦးတို့ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပမယ့်ရက်စွဲကိုတော့ အတိအကျမပြောကြားသေးဘဲ ကစားသမားများဟာ အထက်ပါအတိုင်း ဒေသအလိုက် လက်ရည်စစ်ပွဲဝင်ပြီးမှ နောက်ဆုံးပြိုင်ပွဲအဆင့်ကို တက်ရောက်နိုင်မှာပါ။