အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းရဲ့အစိုးရအဖွဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းမှာ နောက်ထပ် နိုင်ငံအချို့ကိုထည့်သွင်းသွားရန် အစီအစဥ်ရှိကြောင်း အတည်ပြုခဲ့တယ်လို့ Wall Street Journal က ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြထားပါတယ်။
(ထရန့်ရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုကို ကန့်ကွက်ဆန္ဒပြစဥ်) (Photo: Getty Images)
အမေရိကန်သို့ ပြည်ဝင်ခွင့်ပိတ်ပင်မှုစာရင်းမှာ ထပ်မံထည့်သွင်းမယ့် နိုင်ငံတွေကို နောက်ဆုံး အတည်မပြုရသေးပေမဲ့ ဘီလာရုစ်၊ မြန်မာ၊ အီရီထရီးယား၊ ကာဂျစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆူဒန်နဲ့ တန်ဇန်းနီးယားနိုင်ငံတို့ ပါဝင်ဖွယ်ရှိကြောင်း ထိုကိစ္စရပ်နဲ့ နီးစပ်သူနှစ်ဦးကို ကိုးကားပြီး Wall Street Journal က ဆိုပါတယ်။ သမ္မထရန့်က ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအချို့ကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ ပထမဆုံး အမိန့်ညွှန်ကြားချက် (Executive Order 13769) ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။
(အမိန့်ညွှန်ကြားချက်ကို သမ္မတထရန့် လက်မှတ်ရေးထိုးခဲ့စဥ်) (Photo: Getty Images)
ယခုအခါ ထိုနိုင်ငံများစာရင်းမှာ နောက်ထပ် နိုင်ငံအချို့ကိုပါ ထပ်မံထည့်သွင်းကာ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုကို တိုးချဲ့သွားရန် ထရန့်အစိုးရက စီစဥ်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဟာလည်း ထိုသို့ပိတ်ပင်ခံရမယ့်စာရင်းမှာ ပါဝင်နိုင်ဖွယ်ရှိကြောင်း Wall Street Journal သတင်းအရ သိရှိရပါတယ်။ သမ္မတထရန့်ရဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်တဲ့ အမိန့်ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
- နိုင်ငံအချို့မှ နိုင်ငံသားများကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ ပထမဆုံး သမ္မတအမိန့်ညွှန်ကြားချက် (Executive Order 13769) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ သမ္မတထရန့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ထိုနေ့မှာပင် စတင်သက်ရောက်ခဲ့ပါတယ်။
- Executive Order 13769 အရ အမေရိကန်သို့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ မူလ နိုင်ငံများစာရင်းမှာ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့ ပါဝင်ခဲ့ပါတယ်။
- ထို့နောက် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုကို ကန့်ကွက်ဆန္ဒပြမှု အများအပြားနဲ့ ဥပဒေအရ အရေးဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ပြင်ဆင်ထားတဲ့ ဒုတိယ အမိန့်ညွှန်ကြားချက် (Executive Order 13780) ကို သမ္မတထရန့်က ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
- ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ Executive Order 13780 မှာတော့ အီရတ်နိုင်ငံကို အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့စာရင်းမှ ဖယ်ရှားထားခဲ့ပါတယ်။
- ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာတော့ သမ္မထရန့်က Presidential Proclamation 9645 ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မူလနိုင်ငံများစာရင်းမှာ ပါဝင်နေခဲ့တဲ့ ဆူဒန်ကို ဖယ်ရှားလိုက်ပြီး ချတ်ဒ်၊ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
(တရားရုံးချုပ် တရားသူကြီး ၉ ဦး)
- ၂၀၁၇ ခုနှစ် သမ္မတအမိန့်ညွှန်ကြားချက်အရ အမေရိကန်သို့ ဝင်ရောက်ခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ နိုင်ငံများမှာ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယား၊ ယီမင်၊ ချတ်ဒ်၊ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလားတို့ဖြစ်ပြီး ၎င်းတို့အနက် နိုင်ငံခြောက်ခုဟာ မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
- သမ္မတထရန့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမိန့်ညွှန်ကြားချက် သုံးခုစလုံးကို ဥပဒေအရ တရားရုံးမှာ အရေးဆိုမှုတွေ ရှိခဲ့ပေမဲ့ အမေရိကန် တရားရုံးချုပ်က ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်မှာ အမိန့်ညွှန်ကြားချက်တွေကို အတည်ပြုခဲ့ပါတယ်။ တရားသူကြီးအဖွဲ့ဝင် ၉ ဦးက မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ထရန့်ရဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်တဲ့ အမိန့်ညွှန်ကြားချက်တွေကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
- တရားရုံးချုပ်က အတည်ပြုပြီးနောက် သမ္မတရဲ့အမိန့်ညွန်ကြားချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး လုပ်ဆောင်နိုင်ခွင့်ပြုခဲ့ပါတယ်။
Ref: AFP, Wikipedia, BBC, Wall Street Journal, CNN