အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားတဲ့ ခရီးသည်လေယာဥ်တစ်စီး အရေးပေါ်အခြေအနေ ကြုံရတာကြောင့် လောင်စာဆီများကို စာသင်ကျောင်း ကစားကွင်းနဲ့ အဆောက်အအုံများပေါ်ကို စွန့်ထုတ်ခဲ့ရာမှ လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Matt Hartman/ AP)
ဒေသစံတော်ချိန် ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) က လော့စ်အိန်ဂျလိစ်မှ တရုတ်နိုင်ငံသို့ ပျံသန်းတဲ့ Delta လေကြောင်းလိုင်းမှ ခရီးစဥ်အမှတ် Flight 89 ဟာ လေဆိပ်မှထွက်ခွာပြီးနောက် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။ ထိုသို့ ပြန်လည်ဆင်းသက်ရန်အတွက် လောင်စာဆီများကို စွန့်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။
Boeing 777 လေယာဥ်ကနေ လောင်စာဆီများ စွန့်ထုတ်လိုက်မှုကြောင့် မြေပြင်ရှိ အနည်းဆုံး ကလေး ၂၀ ဦးဟာ လောင်စာဆီနဲ့ထိတွေ့ပြီး အသေးစား ဒဏ်ရာများရခဲ့မှုကြောင့် ကုသပေးခဲ့ရတယ်လို့ လော့စ်အိန်ဂျလိစ်ကောင်တီ မီးသတ်ဌာနက ပြောပါတယ်။ မီးသတ်ဌာနရဲ့ အဆိုအရ Park Avenue, Tweedy, Graham နဲ့ San Gabriel Avenue မူလတန်းကျောင်း လေးကျောင်းမှ စုစုပေါင်း ကလေးငယ် ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Scott Varley/The Orange County Register via AP)
ထို့အတူ Jordan အထက်အတန်းကျောင်းနဲ့ အမှတ် ၉၃ မူလတန်းကျောင်းမှ လူ ၁၆ ဦးကိုလည်း လောင်စာဆီနဲ့ထိတွေ့ပြီး ဒဏ်ရာရခဲ့မှုကြောင့် ကုသပေးခဲ့ရကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်မှာ ဒဏ်ရာရခဲ့သူတွေကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းမရှိကြောင်းနဲ့ ရွှေ့ပြောင်းမှုလုပ်ဆောင်ခဲ့ရခြင်းလည်း မရှိကြောင်း မီးသတ်ဌာနက ပြောပါတယ်။ ပျံသန်းနေတဲ့ လေယာဥ်ကနေ စွန့်ထုတ်လိုက်တဲ့ လောင်စာဆီနဲ့ထိတွေ့ခဲ့သူတွေဟာ အရေပြားကျိန်းစပ်မှုနဲ့ အသက်ရှူရခက်ခဲမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Robert Garrova/KPCC/LAist)
Delta လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်ဟာ ထွက်ခွာသွားပြီး မကြာမီ ပျံသန်းနေစဥ် အင်ဂျင်ပြဿနာတစ်ခု ကြုံရတာကြောင့် လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ် ပြန်လည်ဆင်းသက်ရန် လိုအပ်ခဲ့ကြောင်း လေကြောင်းလိုင်းထုတ်ပြန်ချက်မှာ အတည်ပြုထားပါတယ်။ လေယာဥ် ပြန်လည်ဆင်းသက်စဥ် အလေးချိန်လျှော့ချရန် အရေးပေါ် လောင်စာဆီစွန့်ထုတ်ပြီးနောက် ဘေးကင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
.