အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဥ်မှ ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် နေ့စဥ် သေဆုံးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
(Photo: Reuters)
Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၁၁ ရက် ကိန်းဂဏန်းများအရ အမေရိကန်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၁၀၈ ဦးအထိရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁၈,၇၀၀ ကျော်သို့ မြင့်တက်လာပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာလည်း တစ်ကမ္ဘာလုံးမှာ အများဆုံးအဖြစ် လူဦးရေ ၅၀၃,၁၇၇ ဦးအထိရှိကြောင်း သိရပါတယ်။
လက်ရှိအခြေအနေအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ကမ္ဘာတစ်ဝှမ်း အများဆုံးဖြစ်နေတဲ့ အီတလီကိုကျော်လွန်သွားနိုင်ဖွယ် ရှိနေပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် လူဦးရေ ၁၈,၈၄၉ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် အများဆုံးဖြစ်ပါတယ်။
(Photo: Reuters)
သို့သော် သမ္မတအိမ်ဖြူတော် COVID-19 လုပ်ငန်းအဖွဲ့မှ ကျွမ်းကျင်သူတွေကတော့ အမေရိကန်နိုင်ငံတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်လျော့နည်းလာနေပြီလို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ကနဦး ခန့်မှန်းထားတဲ့ ၁၀၀,၀၀၀ ထက် လျော့နည်းမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ဆက်စပ်သတင်းတစ်ရပ်အရ အမေရိကန်မှာ COVID-19 ဂယက်ကြောင့် အလုပ်လက်မဲ့အဖြစ် အကျိုးခံစားခွင့် လာရောက်လျှောက်ထားသူ သုံးပတ်ဆက်တိုက် မြင့်တက်နေခဲ့ပြီး စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၁၆ သန်းကျော်အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁,၇၀၀,၈၇၀ ဦးနဲ့ သေဆုံးသူ ၁၀၂,၇၈၉ ဦးအထိ မြင့်တက်နေခဲ့ပြီး ပြန်လည်သက်သာသူ ၃၇၆,၇၉၆ ဦးရှိခဲ့ပါတယ်။
Source: Reuters, BBC