အတ္တလန်တာမြို့မှာ ရဲအရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ရဲတပ်ဖွဲ့က အာဖရိကန်-အမေရိကန် လူမည်းအမျိုးသားတစ်ဦးကို ဖမ်းဆီးစဥ် ရဲအရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ထိုမြို့ရဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။

(Erika Shields နှင့် သေဆုံးခဲ့သည့် ဘရွတ်ခ်စ်) (Photo: Getty Images/GoFundMe)

အသက် ၂၇ နှစ်အရွယ် လူမည်းအမျိုးသား ရေးရှက်ဒ်ဘရွတ်ခ်စ် (Rayshard Brooks) ဟာ သောကြာနေ့ (ဇွန် ၁၂ ရက်) ညပိုင်းမှ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အတ္တလန်တာရဲတပ်ဖွဲ့ အကြီးအကဲ Erika Shields က စနေနေ့ (ဇွန် ၁၃ ရက်) မှာ ရာထူးမှနုတ်ထွက်စာတင်ခဲ့ကြောင်း မြို့တော်ဝန် Keisha Lance Bottoms က ပြောပါတယ်။



လူမည်းအမျိုးသား ဘရွတ်ခ်စ် သေဆုံးမှုဖြစ်ပြီး‌နောက် ယခုသီတင်းပတ်ကုန်အတွင်း အတ္တလန်တာမြို့ လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ယမန်နေ့ ညပိုင်းမှာတော့ ဆန္ဒပြသူတွေက အတ္တလန်တာမြို့ကို ဖြတ်သန်းသွားတဲ့ အဓိက အဝေးပြေးလမ်းမကြီး Interstate-75 ကို ပိတ်ဆို့ထားခဲ့ကြောင်း သိရပါတယ်။

(ဘရွတ်ခ်စ်ဖြစ်ရပ်မှ ရဲအရာရှိနှစ်ဦး) (Photo: Atlanta Police Department)

ထို့အတူ ဘရွတ်ခ်စ် ပစ်ခတ်ခံခဲ့ရတဲ့ Wendy's စားသောက်ဆိုင်နေရာကိုလည်း မီးရှို့ခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့နေ့က လူမည်းအမျိုးသား ဘရွတ်ခ်စ်ဟာ Wendy's စားသောက်ဆိုင်အပြင်ဘက်မှာ ရဲအရာရှိရဲ့ ပစ်ခတ်ခံရပြီးနောက် အနီးအနားရှိ ဆေးရုံတစ်ရုံမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာ ကားထဲကနေ အပြင်မထွက်ဘဲ အစားအသောက် ဝယ်ယူနိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။

ထိုနေ့ည ၁၀ နာရီခွဲဝန်းကျင်ကစားသောက်ဆိုင်အပြင်ဘက် ကားများတန်းစီ စောင့်ဆိုင်းရတဲ့ နေရာရှိ ကားတစ်စီးအတွင်း အမျိုးသားတစ်ဦး အိပ်ပျော်နေကြောင်း သတင်းပေး အကြောင်းကြားမှုကို ရဲအရာရှိတွေက လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေက စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြပြီး အိပ်ပျော်နေခဲ့တဲ့ ဘရွတ်ခ်စ်ကို အရက်သောက်ထားခြင်းရှိ မရှိ စစ်ဆေးမှုခံယူရန် ပြောကြားခဲ့ရာငြင်းဆန်ခဲ့ပြီး ရဲအရာရှိတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ဘရွတ်ခ်စ်က ရဲအရာရှိတစ်ဦးထံမှ လျှပ်စစ်သေနတ်ကို လုယူထွက်ပြေးပြီး ရဲအရာရှိတွေကို ထိုသေနတ်ဖြင့် ချိန်ရွယ်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ရဲအရာရှိတစ်ဦးက ၎င်းကို ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်မှ ရဲအရာရှိနှစ်ဦးကို Georgia Bureau of Investigation (GBI) က စုံစမ်းစစ်ဆေးနေကြောင်း ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး Brian Kemp က GBI ထုတ်ပြန်ချက်ကို Twitter မျှဝေပြီး ပြောကြားထားပါတယ်။

(Photo: AP)

အမေရိကန်မှာ မေ ၂၅ ရက်နေ့ကလည်း မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း ရဲအရာရှိတစ်ဦးက လည်ပင်းကို ဒူးခေါင်းဖြင့် မလွှတ်တမ်း ဖိနင်းထားခဲ့မှုကြောင့် အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ် သေဆုံးခဲ့ပါတယ်။ ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ်ကို မင်နီယာပိုလစ်မြို့ အပါအဝင် အမေရိကန်တစ်ဝှမ်းရှိ မြို့အများအပြားမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရာမှ အကြမ်းဖက် ဆူပူအုံကြွမှုများလည်း ဖြစ်ပွားခဲ့ပါတယ်။

(Photo: EPA)

အမေရိကန်တစ်ဝှမ်း ဂျော့ဂျ်ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပြင်းထန်ခဲ့ပြီး အစောင့်တပ်ဖွဲ့များ ဖြန့်ကျက်ခဲ့ရာကာ မြို့ပေါင်း နှစ်ဒါဇင်ကျော်မှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ရကြောင်း သိရပါတယ်။ ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ်ကြောင့် ဆန္ဒပြ ဆူပူအုံကြွမှုတွေ မပြီးဆုံးသေးမီ အတ္တလန်တာမြို့မှာ ရဲအရာရှိက ပစ်ခတ်မှုကြောင့် နောက်ထပ် လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြန်ရာ အမေရိကန်တစ်ဝှမ်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Source: CNN, BBC, Reueters


Share

Loading Next Article...
က္က