လမ်းပေါ်ထွက် ဆန္ဒပြကြရာမှ ဆူပူအုံကြွ ထိပ်တိုက်တွေ့မှုများ နှစ်ညဆက်တိုက် ဖြစ်ပွားလာခဲ့ပါတယ်။

အမေရိကန် မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဥ် သေဆုံးခဲ့မှုအပေါ် လမ်းပေါ်ထွက် ဆန္ဒပြကြရာမှ ဆူပူအုံကြွ ထိပ်တိုက်တွေ့မှုများ နှစ်ညဆက်တိုက် ဖြစ်ပွားလာခဲ့မှု‌ကြောင့် ပြည်နယ်အစောင့်တပ်ဖွဲ့ချထားလိုက်ကြောင်း သိရပါတယ်။

(Photo: Darnella Frazier via AP)

အသက် ၄၆ နှစ်အရွယ် ဂျော့ဂျ်ဖလွိုင်းဒ် အမည်ရှိ လူမည်းအမျိုးသားဟာ တနင်္လာနေ့ (မေ ၂၅ ရက်) က သေဆုံးခဲ့တာဖြစ်ပြီး ၎င်းကို ဖမ်းဆီးခဲ့စဥ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လည်ပင်းကို ဒူးခေါင်းဖြင့်ဖိနင်းထားခဲ့တဲ့ ဗီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။ ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း ပြောခဲ့တာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။



ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရာမှ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (မေ ၂၇ ရက်) နေ့က စီးပွားရေးလုပ်ငန်းများ လုယက်ခံခဲ့ရာပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဂျော့ဂျာ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ချီကာဂို၊ အီလီနွိုက်စ်၊ လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယား၊ မမ်ဖစ်၊ တင်နက်ဆီတို့မှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

(Photo: Reuters)

ယခုဖြစ်ရပ်ဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။

မင်နီယာပိုလစ်နဲ့ အနီးအနားရှိ စိန့်ပေါလ်မြို့တို့မှာ အခြေအနေဆိုးလာခဲ့ပြီး မြို့တော်ဝန်တွေရဲ့ အကူအညီတောင်းခံမှုအရ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ပြည်နယ်အစောင့်တပ်ဖွဲ့ကို ယမန်နေ့ (မေ ၂၈ ရက်) မှာ စေလွှတ်ချထားခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

လုယက်မှုများ၊ ရမ်းကားဖျက်ဆီးမှုများနဲ့ မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်း အများအပြား ပျက်စီးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဂျော့ဂျ် သေဆုံးမှုကနေ တရားမျှတမှုနဲ့ စနစ်တကျ အပြောင်းအလဲ ဖြစ်စေသင့်ကြောင်း၊ နောက်ထပ် သေဆုံးမှုနဲ့ ဖျက်ဆီးမှုတွေ မရှိသင့်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာနေကြရန် တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသား ဂျော့ဂျ် သေဆုံးမှုအပေါ် မကျေနပ်ကြသူတွေက အင်္ဂါနေ့ (မေ ၂၆ ရက်) မွန်းလွဲပိုင်းမှာ စတင်ဆန္ဒပြခဲ့ကြပြီး အခင်းဖြစ်ပွားခဲ့တဲ့ လမ်းဆုံနေရာကို လူဦးရေ ရာနဲ့ချီ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စီစဥ်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြရန်နဲ့ COVID-19 စည်းကမ်းများအရ လူချဲနေကြရန် ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

မေ ၂၇ ရက် ညပိုင်းမှာလည်း ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ရာ လူဦးရေ ထောင်နဲ့ချီ ပါဝင်လာခဲ့ကြပြီး ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲများနဲ့ ပစ်ပေါက်ခြင်းနဲ့ အချို့က မျက်ရည်ယိုဗုံးတွေကို ကောက်ယူပြီး ပြန်လည်ပစ်ပေါက်မှုတွေ ရှိလာခဲ့ပါတယ်။ ထို့နောက် အကြမ်းဖက် ဆူပူမှုတွေ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ဂျော့ဂျ်ကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရဲစခန်းအနီးမှာ အပျက်အစီးများ အဆိုးဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့အရာရှိတွေက ငွေစက္ကူအတု ကိုင်တွယ်သုံးစွဲကြောင်း သတင်းတွေအရ လိုက်လံစစ်ဆေးခဲ့ကြစဥ် မေ ၂၅ ရက်နေ့က ၎င်းရဲ့ကားအတွင်းမှာရှိနေတဲ့ ဂျော့ဂျ်ကို စစ်ဆေးရန် ပြင်ဆင်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ထုတ်ပြန်မှုအရ အရာရှိတွေက ဂျော့ဂျ်ကို ကားထဲမှထွက်လာရန် ပြောခဲ့တယ်လို့ သိရပါတယ်။

ဂျော့ဂျ်က ရဲအရာရှိတွေကို ကိုယ်ထိလက်ရောက် ပြန်ခုခံခဲ့ပြီး ၎င်းကို လက်ထိပ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ ဂျော့ဂျ်နဲ့ ရဲတပ်ဖွဲ့ဝင်များ မည်သို့ ထိပ်တိုက်တွေ့ခဲ့ကြပုံ မပါဝင်ခဲ့ပါဘူး။ ဗီဒီယိုမှာ မြင်တွေ့ရမှုအရ ရဲအရာရှိတစ်ဦးက ဂျော့ဂျ်ကို မြေပြင်မှာ မှောက်နေစေလျက် လည်ပင်းပေါ်ကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တာ တွေ့ရပြီး ဂျော့ဂျ်ထံမှ "ကျေးဇူးပြုပြီး ကျွန်တော် အသက်ရှူလို့ မရတော့ဘူး၊ ကျွန်တော့်ကို မသတ်ပါနဲ့" လို့ ဗလုံးဗထွေး ပြောနေခဲ့ပါတယ်။

ဂျော့ဂျ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Derek Chauvin, Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒေသခံမီဒီယာမှာ ဖော်ြပမှုအရ ဂျော့ဂျ်ရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ရဲအရာရှိဟာ Derek Chauvin ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂျော့ဂျ် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲအရာရှိ လေးဦးကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

Source: Reuters, CBS News, BBC

Share

Loading Next Article...
က္က