အခြား ရဲအရာရှိ သုံးဦးကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။

အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ လက်နက်မဲ့ အာဖရိကန် အမေရိကန် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဥ် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲအရာရှိတစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(Photo: AP)

လူမည်းအမျိုးသား သေဆုံးမှုအပေါ် ဆန္ဒပြကြရာမှ သုံးညဆက်တိုက် အကြမ်းဖက် ဆူပူအုံကြွမှုများကြောင့် မြို့ရဲ့ နေရာတွေမှာ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်တွေက အခြေအနေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေပါတယ်။ ထိုအတောအတွင်း မင်နီယာပိုလစ် ရဲတပ်ဖွဲ့မှ အရာရှိ Derek Chauvin ကို မေ ၂၉ ရက်နေ့မှာ လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပါတယ်။



Derek Chauvin ဟာ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုင်းဒ်ကို ဖမ်းဆီးခဲ့စဥ် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံရတဲ့ ရဲအရာရှိလေးဦးအနက်မှ တစ်ဦးဖြစ်ပါတယ်။ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုအတွင်း Derek Chauvin က လက်ထိပ်ခတ်ထားတဲ့ ဂျော့ဂျ်ရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် အနည်းဆုံး ငါးမိနစ်ကြာ မလွတ်တမ်း ဖိနင်းထားခဲ့တာ တွေ့ရပါတယ်။

(Photo: Anadolu Agency vid Getty Images)

တနင်္လာနေ့ (မေ ၂၅ ရက်) က ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း ပြောခဲ့တာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။ ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး အခြား ရဲအရာရှိ သုံးဦးကိုလည်း စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။

မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ဂျော့ဂျ် သေဆုံးမှုအပေါ် အကြမ်းဖက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက အစောင့်တပ်ဖွဲ့ စေလွှတ်ချထားခဲ့ရပါတယ်။ အကြမ်းဖက်ဆန္ဒပြသူတွေက မင်နီယာပိုလစ် ရဲစခန်းအပါအဝင် မြို့ရဲ့နေရာတွေကို မီးရှိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Al Jazeera)

ထိုမြို့မှာ လုယက်မှုများ၊ ရမ်းကားဖျက်ဆီးမှုများနဲ့ မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်း အများအပြား ပျက်စီးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။

ဂျော့ဂျာ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ချီကာဂို၊ အီလီနွိုက်စ်၊ လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယား၊ မမ်ဖစ်၊ တင်နက်ဆီ အစရှိတဲ့ နေရာတွေမှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထိုအတောအတွင်း မင်နီယာပိုလစ်မြို့မှ ဖြစ်ရပ်တွေကို တိုက်ရိုက် သတင်းတင်ဆက်နေတဲ့ CNN သတင်းဌာန သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

CNN သတင်းထောက် Omar Jimenez ကို မေ ၂၉ ရက်နေ့က လက်ထိပ်ခတ် ဖ်းဆီးခေါ်ဆောင်သွားတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ Omar Jimenez အပြင် ကင်မရာသမားနဲ့ ထုတ်လုပ်သူတို့ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ၎င်းတို့ကို နေရာရွေ့ပြောင်းရန် ပြောကြားခဲ့ရာ မရွှေ့ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ယခုကဲ့သို့ သတင်းသမားတွေကို ဖမ်းဆီးမှုဟာ အခြေခံဥပဒေ ချိုးဖောက်မှုဖြစ်ကြောင်း CNN က ပြောခဲ့ပါတယ်။ 

.

Share

Loading Next Article...
က္က