အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်မှာ mask တပ်ရန်ကိစ္စ အငြင်းပွားခဲ့ရာမှ မိသားစုတစ်ခုက စတိုးဆိုင်လုံခြုံရေးတစ်ဦးကို သေတဲ့အထိ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
(သေဆုံးခဲ့သည့် Calvin Munerlyn) (Photo: GoFundMe)
စတိုးဆိုင်လုံခြုံရေး အသတ်ခံရမှုအတွက် အမျိုးသမီးတစ်ဦးကို သူမရဲ့ ခင်ပွန်း၊ သားဖြစ်သူတို့နဲ့အတူ ဖမ်းဆီးစွဲချက်တင်ထားပါတယ်။ ထိုအမျိုးသမီးရဲ့ သမီးဖြစ်သူဟာ မျက်နှာကို ဖုံးအုပ်ထားခြင်းမရှိတာကြောင့် လုံခြုံရေးက ဆိုင်အတွင်း ပေးမဝင်ခဲ့ရာမှ ယခုဖြစ်ရပ် စတင်ခဲ့တယ်လို့ ဆိုပါတယ်။
မီချီဂန်ပြည်နယ် ဖလင့်မြို့ရှိ Famil Dollar စတိုးဆိုင်မှ အသက် ၄၃ နှစ်အရွယ် လုံခြုံရေး Calvin Munerlyn ဟာ သောကြာနေ့ (မေ ၁ ရက်) က ဦးခေါင်းနောက်ဘက်ကို သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ စတိုးဆိုင်လုံခြုံရေး Calvin Munerlyn က အသက် ၄၅ နှစ်အရွယ် Sharmel Teague ဆိုသူ အမျိုးသမီးရဲ့ သမီးဖြစ်သူကို ပြည်နယ်က ထုတ်ပြန်ထားတဲ့ စည်းမျဥ်းအရ mask တပ်မထားတာကြောင့် ဆိုင်အတွင်း ဝင်ခွင့်မပေးခဲ့ပြီးနောက် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
(Sharmel Teague မိသားစုသုံးဦး) (Photo: Genesse County Prosecutors Office)
Sharmel Teague ရဲ့ အသက် ၄၄ နှစ်အရွယ် ခင်ပွန်းဖြစ်သူ Larry Teague နဲ့ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် Ramonyea Bisho တို့က စတိုးဆိုင်လုံခြုံရေး Calvin Munerlyn ကို သေလောက်တဲ့အထိ တိုက်ခိုက်ခဲ့ကြကြောင်း စွပ်စွဲထားပါတယ်။ လက်ရှိမှာ Sharmel Teague ဆိုသူ အမျိုးသမီးကို ဖမ်းဆီးရမိထားပြီး သံသယရှိသူတွေဖြစ်တဲ့ သူမရဲ့ ခင်ပွန်းနဲ့ သားဖြစ်သူတို့ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
၎င်းတို့ သုံးဦးလုံးကို ပထမဒီဂရီ ကြိုတင်ကြံရွယ် လူသတ်မှုနဲ့ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။ Larry Teague ကို COVID-19 ကူးစက်မှုဟန့်တားရေး စတိုးဆိုင်များအတွင်း mask တပ်ရမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ညွှန်ကြားချက် ချိုးဖောက်မှုဖြင့်လည်း စွဲချက်တင်ထားပါတယ်။ သူမရဲ့ သမီးဖြစ်သူကိုတော့ စွဲချက်တင်ခဲ့ခြင်း မရှိပါဘူး။
(Calvin Munerlyn မိသားစုနှင့် မိတ်ဆွေများ) (Photo: Jake May)
အခင်းဖြစ်ပွားတဲ့ စတိုးဆိုင်မှာ ကနဦး အငြင်းအခုံဖြစ်ခဲ့ပြီးနောက် Sharmel Teague က လုံခြုံရေး Calvin Munerlyn ကို အော်ဟစ်ပြောဆိုခဲ့ကာ အနီရောင် GMC Envoy ကားဖြင့် မောင်းထွက်သွားခဲ့ပါတယ်။ ထို့နောက် သူမက ခင်ပွန်းနဲ့ သားဖြစ်သူတို့နဲ့အတူ စတိုးဆိုင်ကိုပြန်ရောက်လာပြီး ထိပ်တိုက်တွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သားဖြစ်သူက စတိုးဆိုင်လုံခြုံရေးကို သေနတ်ဖြင့် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ "အသိတရားမဲ့မှုကြောင့် Calvin Munerlyn သေဆုံးရမှုဟာ ဝမ်းနည်းစရာပါ၊ တရားခံတွေကို ဖမ်းဆီးသွားပြီး ဥပအရ အပြင်းထန်ဆုံး အရေးယူသွားမှာပါ" လို့ Genesee County ရှေ့နေ David Leyton က ပြောပါတယ်။ သေဆုံးခဲ့တဲ့ Calvin Munerlyn ရဲ့ မိခင် Bernadett က "ကျွန်မ ကလေးက သူ့အလုပ်ကိုပဲ သူလုပ်ခဲ့တာပါ" လို့ AP သတင်းဌာနကို ဖွင့်ဟပြောခဲ့ပါတယ်။
(အခင်းဖြစ်ပွားခဲ့တဲ့ စတိုးဆိုင်) (Photo: WJRT-TV via NNS)
ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ မီချီဂန်ဟာ အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွာမှု အခြေအနေအဆိုးဆုံး ပြည်နယ်တွေထဲမှာ ပါဝင်နေပါတယ်။ မေ ၄ ရက်နေ့အထိ စာရင်းတွေအရ မီချီဂန်ပြည်နယ်မှာ COVID-19 ကူးစက်ခံရသူ ၄၃,၉၅၀ ဦးနဲ့ သေဆုံးသူ ၄,၁၃၅ ဦးရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်တစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ခံရသူ ၁.၂ သန်းကျော်၊ သေဆုံးသူ ၆၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၈၈,၀၀၀ ကျော်ရှိခဲ့ပြီး အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။