အမေရိကန် ပြည်နယ်အများစုမှာ ကူးစက်မှုအသစ်တွေ ဆက်လက် မြင့်တက်နေပါတယ်။

အမေရိကန်မှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် COVID-19 ကူးစက်မှုတွေကြောင့် ကျောင်းအချို့ကို အလျင်အမြန် ပြန်ပိတ်ခဲ့ရကြောင်း သိရပါတယ်။

(Photo: Reuters)

ပြည်နယ်အများစုမှာ နေ့စဥ် ကူးစက်မှုအသစ်များ ဆက်လက် မြင့်တက်နေဆဲမှာ ကျောင်းတွေပြန်ဖွင့်ရန် အမေရိကန်က ကြိုးစားတာလည်း ဖြစ်ပါတယ်။ အမေရိကန်ရှိ စာသင်ကျောင်းတွေကို စာသင်နှစ်အစအဖြစ် ယခုလ သို့မဟုတ် စက်တင်ဘာလအစောပိုင်းမှာ ပြန်ဖွင့်ရန်စီစဥ်ထားပါတယ်။



သို့သော် ကူးစက်မှုများ သို့မဟုတ် ဝန်ထမ်းမလုံလောက်မှုတွေကြောင့် ယခင်ကတည်းက စာသင်ကျောင်းအချို့ကို စာသင်ခန်းမှာ တက်ရောက်သင်ကြားမှု ရပ်နားထားခဲ့ရပါတယ်။ ဂျော်ဂျီယာပြည်နယ် Cherokee County ရှိ တတိယမြောက် ကျောင်းတစ်ကျောင်းကို တက်ရောက်သင်ကြားမှု ပိတ်ပင်လိုက်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

(Photo: Patrick T. Fallon/Bloomberg)

ဂျော်ဂျီယာရှိ Creekview အထက်တန်းကျောင်းမှာ COVID-19 ကူးစက်ခံရသူ ၂၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ကျောင်းသူကျောင်းသား သုံးပုံတစ်ပုံနီးပါးကို အသွားအလာ ကန့်သတ်ထားကြောင်း ၎င်းက ဆိုပါတယ်။ Creekview အထက်တန်းကျောင်း ပြန်ဖွင့်မယ့်အစီအစဥ်ကို ဩဂုတ် ၁၇ ရက်မှ ဩဂုတ် ၃၁ ရက်သို့ ရွှေ့ဆိုင်းလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

စာသင်ကျောင်း လျှောက်လမ်းတွေထဲမှာ ကျောင်းသူကျောင်းသားများ စုရုံးနေခဲ့ကြပြီး အများအပြားက mask တပ်မထားတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ Cherokee County ရှိ ကျောင်းတွေကို အမေရိကန်မီဒီယာက အသားပေးဖော်ပြခဲ့ပါတယ်။

(Photo: Reuters)

ဂျော်ဂျီယာပြည်နယ်ရဲ့ COVID-19 ကူးစက်မှုအသစ် တွေ့ရှိရမှုဟာ အထိတ်အထိပ်မှ အနည်းငယ် လျော့ကျသွားခဲ့ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ နောက်ထပ် ကူးစက်ခံရသူ ၂၀,၀၀၀ ကျော် တိုးလာခဲ့ပါသေးတယ်။ ဂျော်ဂျီယာကဲ့သို့ပင် အာရီဇိုးနားပြည်နယ်မှာလည်း ကျောင်းများပြန်ဖွင့်ရန် ပြဿာနာရှိနေခဲ့ပါတယ်။

အာရီဇိုးနားမှာ စာသင်ကျောင်းဝန်ထမ်းတွေက ၎င်းတို့အတွက် ကူးစက်မှုအန္တရာယ် စိတ်မချကြောင်း ပြောခဲ့ကြပြီး ခွင့်တိုင်ကြားမှုတွေရှိခဲ့ရာ ဝန်ထမ်းမလုံလောက်မှုကြောင့် ကျောင်းပြန်ဖွင့်မယ့် အစီအစဥ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ နီဘရာစကာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှာလည်း ဝန်ထမ်းသုံးဦးထံမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ခဲ့ရပြီး ထိတွေ့မှုရှိသူ နောက်ထပ် ၂၄ ဦးကိုလည်း အသွားအလာကန့်သတ်ထားခဲ့ရပါတယ်။

(Image: Worldometers webpage screengrab)

အမေရိကန်မှာ တစ်နိုင်ငံလုံးအနေဖြင့် ကူးစက်မှုများ သီတင်းလေးပတ်မြောက် ကျဆင်းသွားခဲ့ပေမဲ့ ပြည်နယ်အများစုမှာ ကူးစက်မှုအသစ်တွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး သေဆုံးမှုနှုန်းဟာလည်း တစ်ရက်လျှင် ပျမ်းမျှ လူ ၁,၀၀၀ သေဆုံးနေကြောင်း သိရပါတယ်။ ပြည်နယ် ၃၀ ကျော်မှာ ကူးစက်မှုအသစ်တွေ့ရှိရမှုနှုန်း ၅ ရာခိုင်နှုန်းကျော်နဲ့ မစ္စစ္စပီ၊ နီဗားဒါး၊ ဖလော်ရီဒါနဲ့ အိုင်ဒဟို ပြည်နယ်တို့မှာ ၁၆ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅.၆ သန်းကျော်၊ သေဆုံးသူ ၁၇၃,၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၂.၉ သန်းကျော် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က