နေအိမ်ခြံဝင်းအတွင်း မြေကွပ်လပ်နေရာမှာ ဘောလုံးကစားနေစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းရှိ နေအိမ်ခြံဝင်းကွက်လပ်နေရာမှာ ပါတီပွဲကျင်းပရင်း အပျော်တမ်း ဘောလုံးကစားနေစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး အခြား လူခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: Larry Valenzuela)

ဒေသစံတော်ချိန် နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လော့စ်အိန်ဂျိလိစ်မြို့ရဲ့မြောက်ဘက် ၁၉၉ မိုင်ခန့်အကွာ ဖရက်စ်နိုမြို့ရှိ နေအိမ်အပြင်ဘက် မြေကွက်လပ်နေရာမှာ ၃၅ ဦးခန့်ရှိတဲ့ လူအုပ်စုကို အနည်းဆုံး သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။



ပစ်ခတ်မှုကြောင့် လူသုံးဦးဟာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး နောက်ထပ်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ကြောင်း ဖရက်စ်နိုရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ မိုက်ကယ်ရိဒ်က သတင်းထောက်တွေကို ပြောပါတယ်။ အိမ်ခြံဝင်းအတွင်း ဘောလုံးပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အားလုံးဟာ အသက် ၂၅ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားများဖြစ်ကြောင်း သိရပါတယ်။

(Photo: KGPE: KSEE/CNN)

သေနတ်သမားက ဘောလုံးကစားနေကြတဲ့ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ "သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါတယ်၊ ဒါက မိုက်မဲတဲ့ အကြမ်းဖက်မှုပါပဲ၊ သေနတ်သမားကို တရားဥပဒေအရ စီရင်နိုင်ဖို့ ကျွန်တော်တို့ လုပ်နိုင်တာမှန်သမျှ လုပ်နေပါတယ်" လို့ မိုက်ကယ်ရိဒ်က ပြောပါတယ်။

ယခုပစ်ခတ်မှုမှာ သေနတ်သမား အရေအတွက်ကို အတိအကျ မသိရသေးကြောင်းနဲ့ လူဆိုးဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့ အထောက်အထား မတွေ့ရကြောင်းလည်း ၎င်းကဆိုပါတယ်။ လက်ရှိမှာ ရဲအရာရှိတွေက လုံခြုံရေးကင်မရာမှတ်တမ်းနဲ့ မျက်မြင်သက်သေများမှတစ်ဆင့် သံသယရှိတဲ့ သေနတ်သမားတွေကို ရှာဖွေဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား ဘီလ်ဒိုလီက ပြောပါတယ်။

Share

Loading Next Article...
က္က