အမေရိကန်သမ္မတအိမ်ဖြူတော်ကို လိပ်မူထားတဲ့ စာအိတ်တစ်အိတ်အတွင်း သေစေနိုင်တဲ့ ricin အဆိပ်ထည့်သွင်းပေးပို့ကြောင်း သံသယရှိသူတစ်ဦးကို အိမ်ဖြူတော်သို့ ထိုစာအိတ်ရောက်ရှိမလာခင် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) မှာ ပြောပါတယ်။
(အမေရိကန်အစိုးရ ပေးစာလက်ခံဌာနတစ်ခု) (Photo: NY Times)
အိမ်ဖြူတော်သို့ ricin အဆိပ်ပါတဲ့စာကို ပေးပို့မှုဖြင့် အမျိုးသမီးတစ်ဦးကို အမေရိကန်-ကနေဒါ နယ်စပ်မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဝါရှင်တန်ရှိ FBI (Federal Bureau of Investigation) ရုံးခန်းက ထုတ်ပြန်မှုမှာ "သံသယဖြစ်ဖွယ် စာတစ်စောင် ပေးပို့မှုအတွက် လူတစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း" ဖော်ပြထားပါတယ်။
ထိုကိစ္စကို သိရှိထားတဲ့ အမည်မဖော်သူ ရဲတပ်ဖွဲ့သတင်းရင်းမြစ်က Reuters သတင်းဌာနကို ပြောကြားမှုအရ FBI က ရည်ညွှန်းထားတဲ့ "သံသယဖြစ်ဖွယ်စာ" ဟာ ricin အဆိပ်ပါတဲ့ စာအိတ်ထဲမှ စာဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ဖမ်းဆီးခဲ့သူဟာ ကနေဒါနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ကြောင်းလည်း ထိုသတင်းရင်းမြစ်ကပင် ပြောခဲ့ပါတယ်။
(အမေရိကန်သမ္မတအိမ်ဖြူတော်) (Photo: EPA-EFE)
ကနေဒါမှ ပေးပို့လိုက်တဲ့ သံသယဖြစ်ဖွယ်စာနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးရေး အကူအညီပေးရန် FBI က မေတ္တာရပ်ခံခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့ Royal Canadian Mounted Police က စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကနဦး မေးမြန်းခဲ့ရာမှာ FBI က US Secret Service နဲ့ US Postal Inspection Service တိုနဲ့ ပူးပေါင်းပြီး အမေရိကန်အစိုးရ ပေးစာလက်ခံဌာနက လက်ခံရရှိထားတဲ့ သံသယဖြစ်ဖွယ်စာကို စုံစမ်းစစ်ဆေးရေးနေတယ်လို့ ဖြေကြားထားခဲ့ကြောင်း Reuters က ဖော်ပြပါတယ်။
အဆိုပါ စာအိတ်ကို သမ္မတအိမ်ဖြူတော်သို့ မပို့ဆောင်မီ အမေရိကန်အစိုးရ ပေးစာလက်ခံဌာနက ကြားဖြတ်ယူထားခဲ့တယ်လို့ ဆိုပါတယ်။ ယခု စာကိစ္စနဲ့ ပတ်သက်ပြီး US Secret Service နဲ့ Royal Canadian Mounted Police တို့ကို ယမန်နေ့က မေးမြန်းခဲ့ရာမှာတော့ မှတ်ချက်မပေးခဲ့ကြကြောင်း Reuters က ပြောပါတယ်။
(ricin အဆိပ် ထုတ်ယူရရှိနိုင်တဲ့ castor အစေ့များ) (Photo: USA Today)
လတ်တလော နှစ်များအတွင်း အမေရိကန်အစိုးရ အရာရှိများထံသို့ ricin အဆိပ်ပါတဲ့ စာအိတ်များ ပေးပို့တဲ့ဖြစ်ရပ် အတော်များများရှိခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း Utah ပြည်နယ်မှ အမျိုးသားတစ်ဦးကို သမ္မတဒေါ်နယ်ထရန့်၊ FBI အကြီးအကဲ Christopher Wray နဲ့ အခြား ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတို့အား ricin အဆိပ်ပါ စာများပေးပို့မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။
ဘာရတ်အိုဘားမား သမ္မတဖြစ်ခဲ့စဥ်ကလည်း ၎င်းထံသို့ ricin အဆိပ်ပါ စာများပေးပို့ခဲ့မှုဖြင့် လူနှစ်ဦးကို တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ Ricin အဆိပ်ကို castor အစေ့များမှ ရရှိနိုင်ပြီး ဓာတုလက်နက်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ အပ်ဖျားမျှသာရှိတဲ့ ricin အဆိပ် အနည်းငယ်နဲ့ ထိတွေ့မိခြင်းဖြင့်ပင် ၃၆ နာရီမှ ၇၂ နာရီအတွင်း သေဆုံးနိုင်ပြီး ဖြေဆေးမရှိဘူးလို့ ဆိုပါတယ်။