သမ္မတထရန့်ရဲ့ ကိုယ်ရေးကိုယ်တာ အမှုထမ်းဖြစ်သူ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အနီးကပ် ကိုယ်ရေးကိုယ်တာ အမှုထမ်းဖြစ်သူ အမေရိကန်ရေတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ CNN သတင်းဌာနက ကြာသပတေးနေ့ (မေ ၇ ရက်) မှာ ဖော်ပြခဲ့ပါတယ်။

(Photo: Jabin Botsford/The Washington Post via Getty Images)

ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ သမ္မတထရန့်ရဲ့ အဝတ်အစားကိစ္စကို တာဝန်ယူရတဲ့ ရေတပ်အထူးတပ်ဖွဲ့ဝင်များအနက်မှ တစ်ဦးဖြစ်ပါတယ်။ ၎င်းတို့ဟာ ထရန့်နဲ့ ၎င်းရဲ့မိသားစုတို့နဲ့ မကြာခဏ အနီးကပ် အလုပ်လုပ်ရသူတွေဖြစ်ရာ သမ္မတဟာလည်း ဗိုင်းရပ်စ်နဲ့ ထိတွေ့နိုင်မှုအ‌ပေါ် စိုးရိပူပန်မှုတွေ မြင့်တက်နေပါတယ်။



သမ္မတထရန့် ကိုယ်တိုင်လည်း ယခုသတင်းကို ဗုဒ္ဓဟူးနေ့ (မေ ၆ ရက်) က သိရှိခဲ့ရစဥ် စိတ်မချမ်းမသာ ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတထရန့်ဟာ အိမ်ဖြူတော်ဆရာဝန်ဖြင့် နောက်တစ်ကြိမ် ဗိုင်းရပ်စစ် စစ်ဆေးမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Al Drago-Pool/Getty Images)

အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာလည်း သမ္မတရဲ့ ကိုယ်ရေးကိုယ်တာ အမှုထမ်းတစ်ဦး COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း CNN ရဲ့ သတင်းကို အတည်ပြုထားခဲ့ပါတယ်။ "အိမ်ဖြူတော်မှာ အလုပ်လုပ်တဲ့ အမေရိကန်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာဌာနက လတ်တ‌လော အကြောင်းကြားပါတယ်" လို့ အိမ်ဖြူတော် လက်ထောက်ပြန်ကြားရေးအရာရှိ Hogan Gidley က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

(Photo: CNN)

"သမ္မတနဲ့ ဒုသမ္မတတို့ကို အဲဒီကတည်းက ဗိုင်းရပ်စ် စစ်ဆေးတာ မတွေ့ရဘဲ သူတို့ ကျန်းမာရေးကောင်းကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သမ္မတထရန့်ရဲ့ ကိုယ်ရေးကိုယ်တာ အမှုထမ်းဟာ အမျိုးသားတစ်ဦးဖြစ်ပြီး မေ ၆ ရက် မနက်ပိုင်းမှာ COVID-19 လက္ခဏာများ စတင်ခံစားလာခဲ့ကြောင်း အမည်မဖော်တဲ့ အိမ်ဖြူတော်သတင်းရင်းမြစ်က ပြောကြားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပြီး မေ ၇ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၇၅,၀၀၀ ကျော်အထိ ဆက်လက် မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။ သမ္မတထရန့် ကိုယ်တိုင်ကလည်း COVID-19 ဟာ အမေရိကန်အတွက် ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုနဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုတို့ထက် ပိုဆိုးတယ်လို့ မှတ်ချက်ပြု ထုတ်ဖော်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က