မြန်မာနိုင်ငံဆီကနေ အထည်အမှာအော်ဒါ အဓိက မှာယူနေတဲ့ အမေရိကန်နှင့် ဥရောပနိုင်ငံတွေမှာ ကိုဗစ်ရောဖြစ်ပွားမှု လျော့ကျမှုမရှိတာကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းအများစု အထည် အော်ဒါ ပြတ်လတ်လာဖွယ် ရှိနေတယ်လို့သိရပါတယ်။
ဒါကြောင့် စက်ရုံတွေ ရေရှည်ရပ်တည်နိုင်ရေးအတွက် လာမယ့် စက်တင်ဘာ လကစပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေ ညှိနှိုင်းပြီး စက်ရုံတွေကို ယာယီ အလုပ် ရက်ရှည်ပိတ်ခြင်း၊ လုပ်သားအင်အားလျော့ချ ခြင်း၊ လစာလျှော့ချခြင်း စတဲ့ကိစ္စရပ်တွေ ဖြစ်လာနိုင်တယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေကဆိုပါတယ်။
“ရှိတဲ့အနေ အထားက ကျနော်တို့ အားရလောက်စရာ သိပ်မရှိဘူး။ ဘာကြောင့်ဆိုတော့ အထည်ချုပ်လုပ်ငန်းစဉ်မှာ ထုတ်လုပ်တဲ့ ကုန်ကြမ်းတော်တော်များများက တရုတ်နိုင်ငံကထုတ်တယ်။ သူတို့ဘက်က ပြန်စ နေသော်လည်းပဲ ကျနော်တို့ကို အော်ဒါအပ်မယ့် အမေရိကန်၊ ဥရောပ နိုင်ငံတော်တော်များများက ဆိုးဆိုး ရွားရွားခံနေရသေးတာဖြစ်တဲ့အတွက် ဒီလို အဝတ်အထည်နဲ့ ဖက်ရှင် ဒီးဇိုင်း Industry တွေက ဦးမော့ လာနိုင်ဖွယ် မရှိသေးပါဘူး။ မရှိတဲ့အတွက် အော်ဒါတွေက ထင်သလောက်ကြီး ဝင်မလာသေးပါဘူး။ ဒါကြောင့် CMP လက်ခစား အထည်ချုပ်လုပ်ငန်းများရဲ့ အနာဂတ်က သက်ပြင်းချလောက်ရမယ့်အနေအထား စိတ်အေးလက်အေး နေရမယ့် အနေအထားထိ မရောက် သေးပါဘူး။ ကျနော်တို့ စိတ်ပူနေရဆဲဖြစ်တယ်”လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းက ပြောပါတယ်။
လတ်တလော ရရှိနေတဲ့ အထည်အမှာ အော်ဒါကလည်း အထည် ချုပ် လုပ်ငန်းရှင်တွေအတွက် စိတ်ပူနေရဆဲအခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်းက ဆိုပါတယ်။
" ကိုဗစ်ကာလ မှာအလုပ်လက်မဲ့ဖြစ်သွားတာက ၂ သိန်း ကနေ ၃ သိန်းကြားရှိနေတယ်။ အလုပ်ပြန်ရတဲ့အရေအတွက်က သောင်းဂဏန်းပဲရှိတယ်၊ နည်းတယ်ပေါ့။ ဒီတော့ အလုပ်သမားတချို့က ရွာပြန်နားကြတာရှိတယ်။တချို့ကလည်း တခြားရတဲ့အလုပ်ကို ဝင်လုပ်ကြတယ်ပေါ့။ အစိုးရဘက်က အလုပ်အကိုင်ရှာဖွေပေးမှုက အားရစရာမရှိပါဘူး"လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)မှ အတွင်းရေးမှူး ကိုသက်နှင်းအောင်ကပြောပါတယ်။
လက်ရှိမှာ စက်ရုံ အလုပ်ရုံပိတ်သိမ်းခြင်းအပါအဝင် အလုပ်သမားအင်အားလျှော့ချခြင်း၊ ယာယီပိတ်သိမ်းခြင်း ၊ လုပ်လစာမပေးချေဘဲ ထွက်ပြေးသွားခြင်းစတဲ့ စက်ရုံပေါင်းဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
ယခင်က ရိုနာဗိုင်းရပ်စ်ဖြစ်စဉ် ကြောင့် မြန်မာပြည်တွင်း ရှိ တရုတ်အထည်ချုပ်စက်ရုံတွေဟာ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး ယခုအခါမှာလည်း နောက်တစ်ကြိမ် ပစ္စည်းအော်ဒါအမှာ ပြတ်လတ်ဖွယ်ကြုံတွေ့နေရတာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share