အသက်(၃၂)နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီဆေးရုံမှာပို့ဆောင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညပိုင်းကထုတ်ပြန်ထားပါတယ်။
အဆိုပါအမျိုးသားဟာ တရုတ်မှာ (၃)လကြာနေထိုင်ခဲ့ပြီး တရုတ်ကနေတစ်ဆင့် မလေးရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး မလေးရှားကတစ်ဆင့် ရန်ကုန်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညနေပိုင်းကစလို့ အန်ခြင်း၊ ဝမ်းသွားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်အပူရှိန်အနည်းငယ်မြင့်တက်ခြင်း စတဲ့ လက္ခဏာတွေခံစားရပြီး ရန်ကုန်ဆေးရုံကြီးကို (၂၆)ရက်နေ့ ညနေပိုင်းက သွားရောက်ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးကနေတစ်ဆင့် ဝေဘာဂီဆေးရုံကိုလွှဲပြောင်းပေးခဲ့ပြီး လက်ရှိမှာတော့ ဝေဘာဂီဆေးရုံမှာစောင့်ကြည့်လူနာအဖြစ် ထားရှိကာ ဆေးကုသမှုတွေဆောင်ရွက်ပေးလျှက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဆိုပါအမျိုးသားရဲ့ ဓာတ်ခွဲနမူနာကို ယူဆောင်ပြီး ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနကို ပို့ဆောင်စစ်ဆေးတဲ့အခါမှာတော့ လတ်တလေပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရေဂါလက္ခဏာ မတွေ့ရှိရဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှမတွေ့ရှိရသေးပေမယ့် အစုလိုက်ဖြစ်ပွားမှုတွေရှိလာပါကလည်း ကုသမှုတွေဆောင်ရွက်နိုင်ရန်ဆေးရုံကြီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။