အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီး သေဆုံးသွားခဲ့ပြီးနောက် တင်းမာမှုမြင့်တက်နေပါတယ်။

အီရတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်မှ အရေးပါတဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီ သေဆုံးသွားခဲ့ပြီးနောက် တင်းမာမှုများမြင့်တက်လာရာ အမေရိကန်နိုင်ငံသားများ အီရတ်မှ ချက်ချင်းထွက်ခွာကြရန် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

(ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံမြင်ကွင်း) (Photo: AP)

အီရန်တော်လှန်ရေးတပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီဟာ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေရိကန်က ယနေ့ (ဇန်နဝါရီ ၃ ရက်) မနက်အစောပိုင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ အီရတ်ဗိုလ်ချုပ်ကြီးကို တိုက်ခိုက်သတ်ပစ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်ရိုက်အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။



ယနေ့နှောင်းပိုင်းမှာ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးက ခရီးသွားအကြံပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အန္တရာယ်ရှိမှု အဆင့် ၄ အဖြစ် သတ်မှတ်ထားခဲ့ပြီး ထိုအဆင့်အရ ခရီးမသွားကြရန် ဖြစ်ပါတယ်။ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အီရတ်သို့ ခရီးမသွားကြရန် သံရုံးအကြံပြုချက်မှာ ပြောထားပါတယ်။

(သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ) (Photo: AFP)

အီရတ်နိုင်ငံနဲ့ ဒေသတွင်းမှာ တင်းမာမှုမြင့်တက်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဇန်နဝါရီ ၂၀၂၀ ခရီးသွားအကြံပြုချက်ကို ဂရုပြုကြရန်နဲ့ အီရတ်ကနေ ချက်ချင်းထွက်ခွာကြရန် အမေရိကန်သံရုံးရဲ့ လုံခြုံရေးသတိပေးချက်မှာ ဖော်ပြထားပါတယ်။

"အမေရိကန်နိုင်ငံသားတွေ အီရတ်ကနေ အခြားနိုင်ငံများသို့ လေကြောင်းလိုင်းနဲ့ ထွက်ခွာသင့်ပါတယ်၊ လေကြောင်းလိုင်နဲ့ ထွက်ခွာလို့မရပါက ကားလမ်းကြောင်းမှတစ်ဆင့် ထွက်ခွာသင့်ပါတယ်" လို့ သံရုံးက တိုက်တွန်းထားပါတယ်။ ထို့အတူ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးနေရာကိုလည်း အမေရိကန်နိုင်ငံသားများ လာရောက်ခြင်းမပြုရန် သတိပေးထားပါတယ်။

(ဘဂ္ဂဒက်လေဆိပ်အပြင်ဘက်မှ အပျက်အစီးမြင်ကွင်း) (Photo: AP)

"အီရန်က ကျောထောက်နောက်ခံပြုတဲ့ ပြည်သူ့စစ်တွေက အမေရိကန်သံရုံးကို တိုက်ခိုက်ခဲ့တာကြောင့် သံရုံးလုပ်ငန်းတွေကို နောက်ထပ် တစ်စုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမှာဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သံရုံးကို မလာသင့်ပါဘူး" လို့ အမေရိကန်သံရုံးက ကြေညာထားပါတယ်။

Erbil မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ထားပြီး ဗီဇာနဲ့ ပတ်စ်ပို့ ကိစ္စများကို ဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်။ အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ သေဆုံးမှုအတွက် နိုင်ငံတစ်ဝှမ်း သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီကလည်း ကြုံးဝါးထားပါတယ်။

လက်ရှိ အခြေအနေများအရ အမေရိကန်နဲ့ အီရန်တို့ကြား ဆက်ဆံရေးတင်းမာမှု သိသာစွာ မြင့်တက်လာနိုင်ပြီး အီရန်ဘက်မှ တုံ့ပြန်မှုတွေရှိလာနိုင်ကြောင်း သုံးသပ်ခန့်မှန်းထားကြပါတယ်။ အီရန်နျူကလီးယားအရေး သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေခဲ့ကြောင်း သိရပါတယ်။

Source: Reuters, AP

Share

Loading Next Article...
က္က