အိမ်ဖြူတော်အတွက် ဆက်သွယ်ရေးပိုင်း တာဝန်ယူထားတဲ့ အမေရိကန်ကာကွယ်ရေးဌာနရဲ့ လက်အောက်မှာ ရှိတဲ့ အေဂျင်စီတစ်ခုဟာ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
သတင်းအချက်အလက်စနစ်များ ကာကွယ်ရေး အေဂျင်စီ DISA ကနေ ထိန်းချုပ်ထားတဲ့ ကွန်ပျူတာ စနစ်တွေ ဆိုက်ဘာတိုက်ခိုက်ခံရပြီး လူပေါင်း ၂ သိန်းခန့်ရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသွားတာ ဖြစ်တယ်လို့ BBC သတင်းဌာနက ဆိုပါတယ်။ DISA အေဂျင်စီဟာ သမ္မတဒေါ်နယ်ထရမ့်အတွက် ဖုန်းခေါ်ဆိုမှုအပါအဝင် စစ်တပ်နဲ့ ဆိုင်တဲ့ ဆက်သွယ်မှုတွေကို ကွပ်ကဲရနေတာပါ။
Photo: Air Force Cyber
အချက်အလက် ပေါက်ကြားမှုမှာ ထိခိုက်နစ်နာခဲ့သူတွေကို ပေးပို့တဲ့ စာထဲမှာ ၂၀၁၉ မေနဲ့ ဇူလိုင်လအတွင်း DISA ကနေ တင်ထားတဲ့ system တစ်ခုရဲ့ အချက်အလက်များ ပေါက်ကြားခဲ့ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ နာမည်တွေနဲ့ လူမှုလုံခြုံရေး နံပါတ်များ ပါဝင်နေပြီး အေဂျင်စီဟာ သမ္မတ ၊ ဒုသမ္မတ ၊ အိမ်ဖြူတော် ဝန်ထမ်းများ ၊ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး နဲ့ စစ်တပ်မှ အကြီးအကဲတွေအတွက် တိုက်ရိုက်တယ်လီကွန်း ဆက်သွယ်မှုနဲ့ IT support ပေးထားတယ်လို့ ဆိုပါတယ်။
"DISA ဟာ ဒီဖြစ်ရပ်ကို အသေအချာ စုံစမ်းစစ်ဆေးမှု လုပ်နေပြီး ကွန်ရက် လုံခြုံရေးအတွက် သင့်တော်တဲ့ လုပ်ဆောင်ချက်များလည်း လုပ်ဆောင်သွားမှာပါ" လို့ DISA က ထုတ်ပြန်ပါတယ်။ အခိုးခံထားရတဲ့ သတင်းအချက်အလက်တွေကို တလွဲသုံးနေတာမျိုးတော့ မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။