အဆိုတော် အစ္စဏီနဲ့ မိခင်ဖြစ်သူတို့ရဲ့ စားသောက်ကုန် တစ်ခုပါ။

အဆိုတော် အစ္စဏီရဲ့ မိခင်ဖြစ်သူ အန်တီငယ် ကိုယ်တိုင် ကြော်လှော်ထားတဲ့ “ မေကြီးလက်ရာ” စားသောက်ကုန် ကို အားပေးကြတဲ့ ပရိသတ်တွေအကြိုက်တွေ့နေကြပါတယ်။ ရည်ရွယ်ချက်ကောင်းပြီး အရသာရှိတဲ့မေကြီးလက်ရာစားသောက်ကုန်တွေကို ပရိသတ်တွေက နှစ်ခြိုက်ကြသလို အန်တီငယ် ကိုယ်တိုင်ကလည်း ဒီ စားသောက်ကုန်ဟာ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုပါ အလေးထားတဲ့ အရာတစ်ခု ဆိုတာကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

ဓာတ်ပုံ - “မေကြီး လက်ရာ”



စားသောက်ကုန် လုပ်ဖြစ်ခဲ့တဲ့ အကြောင်း

အရင်တုန်းကတော့ မေကြီးလက်ရာ ကို အန်တီက အကျဉ်းသားတွေ အတွက် အဓိက ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် အဲဒါက မလုပ်ဖြစ်လိုက်ဘူးပို့ဖို့ကအခက်အခဲ ဖြစ်သွားတယ်။ ဒါပေမယ့် တောင်ကိုရီးယား ၊ ဂျပန် နဲ့ စင်္ကာပူ ကိုရောက်နေကြတဲ့ မြန်မာလူမျိုးတွေက အန်တီ့ရဲ့ အကြော်အလှော်လေးတွေကို စားချင်တာကြောင့် ပို့ပေးပါ၊ ရောင်းပေးပါ ဆိုတာနဲ့ အခုတော့ မေကြီးလက်ရာ ကို ဆက်လုပ်ဖြစ်နေတာပေါ့နော်။ ပြီးတော့ အန်တီက စျေးနှုန်း(၅၀၀၀) ရောင်းတယ်။ အရင်တုန်းကတော့ အရမ်းရောင်းရပါတယ် အခုနောက်ပိုင်း နည်းနည်းတော့ ရောင်းအားကျသွားတယ်။ ဒါကလည်း စီးပွားရေး အကျပ်အတည်းနဲ့ အခက်အခဲတွေ ကြုံနေရတယ်ဆိုတော့ လက်ရှိ အားပေးတဲ့ သူတွေ ရှိသလောက်ကိုပဲ အန်တီလည်း ကြော်လှော်ဖြစ်တယ်။ 

ဓာတ်ပုံ - “မေကြီး လက်ရာ”

“မေကြီးလက်ရာ” စားသောက်ကုန်ရဲ့ ရည်ရွယ်ချက် 

အန်တီ့ရဲ့ မေကြီးလက်ရာ မှာ ရရှိနိုင်တဲ့ စားသောက်ကုန်တွေဟာ လူကြီး ၊ လူငယ်မရွေး စားသုံးလို့ရတယ်။ အကြော်အလှော်တွေကိုလည်း မခိုမကပ်ပဲ ထည့်ပေးထားတယ်။ ဆီဆိုလည်း ကျန်းမာရေးနဲ့ ညီညွတ်မယ့် နေကြာဆီ ကို သုံးထားတာပါ။ တကယ်ကို စားလို့ အဆင်ပြေမယ့် ၊ ကျန်းမာရေးနဲ့ ညီညွှတ်မယ့် အရာတွေကိုပဲ သုံးထားတယ်၊ ရောင်းတယ်ပေါ့နော်။ စားသုံးသူတွေလည်း အဆင်ပြေဖို့ ဦးစားပေးတယ်။ ပစ္စည်းနည်း နည်း ၊ စျေးနည်း နည်း နဲ့ အများကြီး ရောင်းရတဲ့ အရာမျိုးလည်း အန်တီမလုပ်ချင်ဘူး။ ကိုယ် ရောင်းရသလောက် လေးနဲ့ ကိုယ်လုပ်နိုင်သလောက်လေးကိုပဲ စေတနာထားပြီးတော့ လုပ်ဖြစ်နေတယ်။ အရမ်းကြီး ရောင်းရမှ ၊ အရမ်းကြီး အမြတ်ရမှ ဆိုတဲ့ စိတ်မျိုး အန်တီ မထားဘူး။ (၁၀) ဦးပဲ ဝယ် ဝယ်၊ အရေအတွက် (၂၀) လောက်ပဲ ဝယ်ဝယ် ဝယ်စားတဲ့သူသည် ကျန်းမာရေးနဲ့ ညီညွတ်ရမယ်၊ အရသာကိုလည်း ထူးကဲတယ် ဆိုတာထက် မျှတတဲ့ အရသာလေးတွေ ခံစားမိစေရမယ်၊ စားကောင်းစေရမယ် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ပဲ အန်တီ ရောင်းပါတယ်။

ဓာတ်ပုံ - “မေကြီး လက်ရာ”

ပြည်ပရောက် မြန်မာပရိသတ်တွေရဲ့ တုံ့ပြန်စကား 

ပြည်ပက ကလေးတွေ ဆိုရင် အမေ့လက်ရာကို အလွမ်းပြေစေတယ်” လို့ Comment တွေ လာပေးတာမျိုးရှိတယ်။ ဒီလိုလေးတွေ မြင်ရရင်လေ အန်တီ အရမ်းကို ပီတိဖြစ်ရပါတယ်။ ပြီးတော့ အန်တီ့ဆီမှာ တချို့ စားသုံးသူတွေဆိုရင် (၁) ကြိမ်ထပ်မက ထပ်ခါ ထပ်ခါ မှာလို့ မှတ်မိနေတဲ့ သူတွေလည်း ရှိပါတယ်။ မိသားစု စီးပွားရေးဆိုပေမယ့် ချမ်းသာတဲ့ အထိအောင် အန်တီ မမျှော်ကိုးပါဘူး။ အန်တီလုပ်နိုင်သလောက် အန်တီ့ရဲ့ ချွေးနည်းစာလေး နဲ့ စားနိုင်တာလေး စားတယ်၊ လှူဒါန်းသင့်တာတွေလည်း လှူဒါန်းတယ်။ လောဘ နဲ့ အလုပ်မလုပ်ဘူး ၊ ရသလောက်လေးနဲ့ ကျေနပ်တယ်။ စေတနာထားတယ်၊ ကိုယ့်မိသားစု လေး ရပ်တည်လို့ ရသလောက်ပေါ့နော်။ 

ဓာတ်ပုံ - “မေကြီး လက်ရာ”

“ မေကြီးလက်ရာ” စားသောက်ကုန်မှာ ပရိသတ်တွေ ဝယ်ယူ စားသုံးနိုင်မယ့် စားစရာတွေကတော့ ကြက်မွကြော်၊ သရက်သီးသနပ်၊ ချဉ်ပေါင်ခြောက်စပ်ကြော်၊ ငါးခြောက်ထောင်းကြော်၊ ပုဇွန်ခြောက် ငံပြာရည်ကြော်၊ ငါးကျည်းကြပ်တိုက်ကြော် နဲ့ ငါးရှည့်ခြောက်စပ်ကြော် တို့ဖြစ်ပါတယ်။ အန်တီငယ်ရဲ့ အချက်အပြုတ် လက်ရာတွေကြောင့် စားသုံးသူတိုင်းဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရထားသလို အဆိုတော် အစ္စဏီကို ချစ်ခင်အားပေးလျှက် ရှိတဲ့ ပရိသတ်တွေ ကြောင့်လည်း “မေကြီးလက်ရာ” စားသောက်ကုန်ဟာ လူသိများလာခဲ့ပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က