ဆောင်းယွန်းစံကတော့ သူမရဲ့မွေးနေ့မှာ အမေများအဖွဲ့အတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အမေများအဖွဲ့ကိုယ်စား အကယ်ဒမီ နွဲ့နွဲ့စမ်းကလည်း မွေးနေ့ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။
သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အလှူကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမေများအဖွဲ့နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဝန်ထမ်းတွေနဲ့ ပျော်ပျော်ပါးပါး မွေးနေ့အလှူလုပ်ခဲ့တဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။
“ ဆောင်းက ဒီနှစ်မွေးနေ့ အလှူကိုတော့ အမေများအဖွဲ့အတွက် ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ဆေးရယ်၊ ပိုက်ဆံရယ် လှူဖြစ်ပါတယ်။ အမေများအဖွဲ့အတွက် လိုအပ်မယ် ထင်လို့ လှူဖြစ်တာပါ၊ သူတို့ တစ်ဖွဲ့လုံးကိုလည်း ချစ်တယ်။ သူတို့ကို ကြည့်ရတာလည်း အရမ်းစိတ်မကောင်းဘူး။ ကိုယ်အဆင်ပြေတဲ့ အချိန်ကျရင် သူတို့ကို လှူဒါန်းချင်တဲ့ စိတ်ဖြစ်မိတာ အရင်တုန်းကတည်းကပါ” လို့ ဆိုပါတယ်။
အမေများအဖွဲ့ကိုယ်စား ဝါရင့်သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့စမ်းကလည်း မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ အမေများအဖွဲ့နဲ့ မွေးနေ့အမှတ်တရကို ဖြတ်သန်းခဲ့တဲ့ ဆောင်းယွန်းစံ ကိုလည်း အောင်မြင်ပါစေကြောင်း ဆုတောင်းစကားဆိုထားပါသေးတယ်။
“ ပီတိကတော့ ပြောကိုမပြနိုင်လောက်အောင်ပါပဲ။ ဝမ်းသာတယ်။ ကျေနပ်တယ်၊ ကြည်နူးတယ်။ ဝမ်းသာတာမှ ဘယ်လို ဝမ်းသာမှန်းမသိဘူး။ ဒီကလေးလေးရဲ့ ရှေ့ဆက်လျှောက်မယ့် လမ်းကြောင်း ဖြောင့်ဖြူးစေချင်တာရယ်၊ ရုပ်ရှင်လောကမှာ သူ့ကို မှတ်တိုင်တွေ စိုက်ထူစေချင်တဲ့ ဆန္ဒရှိတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က ဆောင်းယွန်းစံရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။