အယ်လ်နာဆာနဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ သူ့အမေဖြစ်သူ အေဗီရိုရဲ့ မွေးနေ့ပွဲမှာ လာရောက် သီဆိုဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် လူအန်ဆန်တာနာကို တန်ဖိုးကြီးလက်ဆောင်နဲ့ ပြန်လည်ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါတယ်။ အေဗီရိုဟာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ အသက် (၆၉) နှစ်ပြည့်မြောက်ခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ပွဲကစားပေးခဲ့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံကနေ ညလယ်ခေါင်အချိန်မှာ ပေါ်တူဂီနိုင်ငံ၊ မက်ဒဲရားကို ထွက်ခွာလာခဲ့တာလည်း ဖြစ်ပါတယ်။ အေဗီရိုရဲ့ မွေးနေ့ပွဲကလည်း စည်စည်ကားကား ကျင်းပခဲ့ပြီး မွေးနေ့ပါတီပွဲအတွက် ဘရာဇီးအဆိုတော်ကို ငှားရမ်းဖိတ်ကြားခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက အမေဖြစ်သူရဲ့ မွေးနေ့ပွဲမှာ လာရောက်ဖျော်ဖြေပေးခဲ့တဲ့ ဆန်တာနာအတွက် ပေါင် (၆) သောင်းခွဲတန် ရိုးလက်စ်နာရီတစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် တိုက်ဆိုင်စွာနဲ့ပဲ ဒီနာရီက ဆန်တာနာရဲ့ ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ရိုးလက်စ်နာရီဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နာရီ၊ ကားတို့နဲ့ ပတ်သက်လာရင် ရူးသွပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ၎င်းတို့ကို စုဆောင်းရတာလည်း ဝါသနာထုံသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့မေလမှာလည်း ရော်နယ်ဒိုက ပေါင် (၉) သောင်း (၂) ထောင်တန် သီးသန့် ထုတ်လုပ်ထားတဲ့ နာရီတစ်လုံးကို ဝတ်ဆင် ပွဲတက်ခဲ့ဖူးပါတယ်။