ဒီလိုအခြေအနေလေးဖြစ်အောင် မနည်း ပြန်ကြိုးစားခဲ့ရတာ။

မိဘနှစ်ပါး လမ်းခွဲပြီးနောက်ပိုင်း ဘဝကို သုညကနေ ပြန်စခဲ့ရတဲ့ သူမအဖို့ ဒီလိုအခြေအနေရောက်အောင် (၁၁)နှစ်လောက် ပြန်ကြိုးစားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

 

Photo : လိမ္မော်သီး

သမီးအကြီးဆုံးဖြစ်တဲ့ လိမ္မော်သီးက မိသားစုအတွက် သူမကိုယ်တိုင် ဦးစီးပြီးရုန်းကန်နေရသူပါ။ မိဘနှစ်ပါး လမ်းခွဲလိုက်တဲ့အချိန် (၂)နှစ်အတွင်းမှာ အရမ်းကို ဒုက္ခရောက်ခဲ့ပြီး သုညကနေ ဒီလိုအခြေအနေရောက်အောင် သူမပြန်ကြိုးစားခဲ့ရတာလို့ ဆိုပါတယ်။

“ဆယ်တန်းဘော်ဒါနေတဲ့အချိန်မှာ အိမ်က အဆင်မပြေဘူး။အမက မသိဘူး ဘော်ဒါဆောင်မှာရောက် နေတာဆိုတော့ ပြီးသွားတော့မှ အမေနဲ့အဖေကအဆင်မပြေဘူး အိမ်ထောင်ကွဲပြီ ဘာညာဆိုတော့ အကုန်လုံး ခွဲထုတ် ရောင်းစရာရှိတာရောင်း ၂နှစ်လောက်အတွင်းမှာ တော်တော် ဒုက္ခရောက်ခဲ့တာ။ ပြီးတော့မှ အမအမေ့ကို ပြောတယ်သမီးလုပ်ကျွေးမယ်ဆိုပြီး သုညကနေ ဘဝကို ပြန်စ ခဲ့တာ။ ဘာတစ်ခုမှ မရှိတဲ့ဘဝကနေ ဒီဘဝရောက်အောင် အမ (၁၁)နှစ် ကြိုးစားလာခဲ့ရတာ” လို့ သူမက Duwun ကို ပြောပါတယ်။

Photo : လိမ္မော်သီး

သမီးအကြီးဆုံးတစ်ယောက်ဖြစ်တဲ့အတွက် တစ်အိမ်လုံးရဲ့ကိစ္စရပ်တွေကို ဦးစီးပြီး စဥ်းစားဆောင်ရွက်ရတာကြောင့် ညပိုင်း အိပ်မပျော်တဲ့ နေ့ရက်တွေအများကြီး ရှိခဲ့တယ်လို့ သူမက ရင်ဖွင့်ခဲ့ပါတယ် ။ဒါပေမယ့်လည်း သူမကြိုးစားခဲ့လိုက်တဲ့အရာလေးတွေကို ပြန်စဥ်းစားမိလိုက်တိုင်း ကျေနပ်ခဲ့ရပါတယ်တဲ့။

“အခုချိန်မှာတော့ပြန်စဥ်းစားလိုက်ရင်ကျေနပ်တယ်။ အမလိုချင်တာ တစ်ခုဝယ်ရတိုင်း အော် ငါင့ါပိုက်ဆံနဲ့ ငါဝယ်ရတာပဲ ဆိုပြီး ကျေနပ်မိတယ်။ မိသားစုကိုလည်း ငါဒီလိုထားနိုင်သားပဲ ဆိုပြီး ကျေနပ်တယ် စိတ်ညစ်ရတာတွေ ဘာတွေ ရှိခဲ့ပေမယ့်လည်း အခုချိန်မှာကြိုးစားခဲ့လို့ မိဘစကားနားထောင်လို့ လိမ္မာလို့ ပိုက်ဆံစုလို့ ဒီလိုနေရတယ်ပေ့ါ အဲ့အတွက်တော့ တစ်ခါတလေ မဆိုးပါဘူးတော်ပါသေးတယ် ပျက်ဆီးမသွားဘူးပေ့ါဆိုပြီးတွေးမိတယ်”လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။အခုဆိုရင် သူမအနေနဲ့ မိသားစုကို ကိုယ်ပိုင်လုံးချင်းအိမ်နဲ့ ထားနိုင်ခဲ့ပါပြီ။


Photo : လိမ္မော်သီး

လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ "လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ "အသက်ရှင်မယ့်သူ" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

 

 

Share

Loading Next Article...
က္က