ခင်လှိုင်ဟာ ဒိန်းဒေါင်ရဲ့ စတတ်၊ နောက်တတ်တဲ့ အပြုအမူတွေအပေါ် စိတ်မဆိုးတဲ့အကြောင်းပြောပြလာပါတယ်။ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေကလည်း နှစ်ပေါင်း ၃၀ ကျော်လာပါပြီ။
ခင်လှိုင်ကတော့ “တောက်ချလိုက်မယ်”ရုပ်ရှင်အထူးပြပွဲမှာ ၅ တန်းနဲ့ ဒါရိုက်တာလုပ်တယ်လို့ စနောက်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဒိန်းဒေါင်ရဲ့ စကားတွေအပေါ် မီဒီယာ အင်တာဗျူးတွေကနေတဆင့် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။
“ သူကတော့ အမြဲတမ်း ပြောနေကြပါပဲ။ တကယ်တမ်းလည်း ဟုတ်ပါတယ်။ အနုပညာကို ပနံချောင်းမှာတက်ပြီး ပနံချောင်းမှာ အနုပညာနဲ့ပတ်သက်ပြီး သဘင်ပညာရပ်တွေ သင်ကြားခဲ့တယ်။ ရုပ်ရှင်ပညာရပ်တွေကိုတော့ အလုပ်လုပ်ရင်း ပညာသင်ရတာပေါ့။ ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာပေါင်းများစွာဆီက သင်ကြားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဒီနေ့ ဒီအချိန်မှာ ရိုက်ကူးနိုင်ဖို့အတွက် အများကြီး လေ့လာခဲ့တာပေါ့နော်” လို့ ဆိုပါတယ်။
Photo: Khin Hlaing
ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ရဲ့ ခင်မင်ရင်းနှီးမှုကတော့ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ညီအစ်ကိုအရင်းနဲ့မခြား ချစ်ချစ်ခင်ခင်ပဲ လို့ ခင်လှိုင်က ပြောပါတယ်။
“ သူရင်ထဲမှာတကယ်ရှိလို့လည်း စနောက်တာပါ။ သူငယ်ချင်းက ချစ်တာက ချစ်တာ၊ စနောက်တာက စနောက်တာပါပဲ။ စတယ်၊ နောက်တယ်ဆိုတာ မနာလိုနေတာမှ မဟုတ်တာ။ ကျွန်တော့်ရင်ထဲမှာတော့ ဘာမှမဖြစ်ဘူး။ စင်ပေါ်မှာဆိုလည်း ကျွန်တော့်ကို မှိုချိုးမျှစ်ချိုးအရမ်းပြောတာ၊ ကျွန်တော်လည်း ကြုံရင် ကြုံသလို ပြောတာပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တောက်ချလိုက်မယ်”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင် တို့ဟာအနုပညာညီအစ်ကိုတွေလည်း ဖြစ်ကြသလို တစ်ယောက် နဲ့တစ်ယောက်ကလည်း အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးတွဲပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း လိုက်ဖက်ညီလွန်းတဲ့ သရုပ်ဆောင်မှု တွေကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။
ခင်လှိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒါရိုက်တာတစ်ယောက်အဖြစ်ရိုက်ကူးနေရတာဖြစ်သလို ဇာတ်ပို့ သရုပ်ဆောင်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတဲ့ တောက်ချလိုက်မယ် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒီဇင်ဘာလ ၅ ရက်နေ့က စပြီး ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ခွင့်ရနေပြီဖြစ်ပါတယ်။