ကုန်ကျစရိတ်ဘက်က ယှဉ်မလား ၊ computing ဘက်က ကြည့်မလား OpenAI ကို စိန်ခေါ်နိုင်မယ့် တရုတ် AI ထွက်လာပါတယ်။

၂၀၂၃ ကမှ ထောင်ထားတဲ့ တရုတ် DeepSeek ထုတ် chatbot က ဒီတစ်ပတ် အမေရိကန် App Store ဇယားမှာ ထိပ်ဆုံးက ရောက်လာပါတယ်။ ဒေါင်းလုပ်ဆွဲမှုအများဆုံး AI app နေရာက OpenAI ထုတ် ChatGPT app ကို ကျော်တက်သွားခဲ့တာပါ။ DeepSeek တော့ မွှေနေပြီလို့ ပြောနေကြပါတယ်။ လက်ရှိတော့ DeepSeek app down နေပြီး ဆိုက်ဘာတိုက်ခိုက်မှု ထိထားတယ်လို့ ကြားရပါတယ်။

DeepSeek က တော်တော်ထူးခြားပါတယ်။ open-source models နဲ့ မောင်းထားတဲ့ AI chatbot ဖြစ်ပြီး AI train ဖို့ စရိတ်လည်း တော်တော်သက်သာပါတယ်။ DeepSeek AI လေ့ကျင့်ဖို့ chips အများကြီး မလိုလို့ပါ။ ဒီသတင်းက Nvidia ကို သွားဒုက္ခပေးပါတယ်။ အခုလောလောဆယ် Nvidia ရှယ်ယာဈေးက ၁၂ % ကျော် ကျဆင်းနေလို့ပါ။ တကယ်က Nvidia အပြင် Microsoft , Meta နဲ့ တခြား အမေရိကန် AI လုပ်ငန်းတွေပါ ရှယ်ယာဈေး ထိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က R1 reasoning model သစ်ကို ဖြန့်ချိလိုက်ပြီးနောက်မှာ DeepSeek chatbot app က အကြီးအကျယ် ပေါက်သွားတာပါ။ reasoning model ဆိုတာက ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ AI မျိုးပါ။ ဈေးသက်သာပေမယ့် AI တွေရဲ့ စွမ်းရည်ကို တိုင်းတာတဲ့ တချို့ Benchmarks တွေမှာ R1 model က OpenAI ရဲ့ o1 နဲ့ ပခုံးချင်းယှဉ်နိုင်တာ တွေ့ရပါတယ်။


R1 က မနှစ် ဒီဇင်ဘာက ထွက်ထားတဲ့ V3 LLM DeepSeek ပေါ်မှာ တည်ဆောက်ထားတာပါ။ performance ဘက်က ကြည့်ရင် ChatGPT -4o တို့ Anthropic ရဲ့ Claude 3.5 Sonnet တို့နဲ့ ယှဉ်နိုင်တာ တွေ့ရပါတယ်။ DeepSeek မှာ အံ့ဩဖို့ ကောင်းတာက စရိတ်တော်တော် သက်သာတာ ဖြစ်ပါတယ်။

V3 LLM DeepSeek မော်ဒယ်ကို လေ့ကျင့်ဖို့ သုံးရတဲ့ စရိတ်က ဒေါ်လာ ၆ သန်း မရှိပါဘူး။ ChatGPT- 4 ဆို train ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် သုံးထားရတာပါ။ နောက်ပြီး DeepSeek က သူ့ V3 ကို လေ့ကျင့်ရေးအတွက် Nvidia အထူး chip ၂၀၀၀ ပဲ သုံးခဲ့တာပါ။ သူနဲ့ပြိုင်ဘက်တွေဆို ဒါမျိုး chips ပေါင်း ၁၆၀၀၀ အထိ လိုတယ်လို့ ဆိုပါတယ်။

ဒီအတိုင်းဆို DeepSeek က AI model တွေရော AI Chip ထုတ်နေတဲ့ ကုမ္ပဏီကြီးတွေကိုပါ ကိုင်လှုပ်လာနိုင်ပါတယ်။အမေရိကန်က အဆင့်မြင့် AI chips တွေ တရုတ်လက်ထဲ မရောက်အောင် ကြပ်ထားတဲ့အချိန်မှာ DeepSeek အင်ဂျင်နီယာတွေက ဘယ်လိုလုပ်ပြီး ဒီလောက်စရိတ်သက်သက်သာသာနဲ့ AI train သွားတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

တချို့သတင်းတွေမှာတော့ တရုတ် AI ကုမ္ပဏီတွေက အချင်းချင်း နည်းပညာဖလှယ်တာကနေ နည်းပညာသစ်တွေ ရလာခဲ့တယ်လို့ ပြောနေပါတယ်။ လောဆယ်တော့ Nvidia , OpenAI နဲ့ SoftBank တို့က Stargate နာမည်နဲ့ ဘီလျံ ၅၀၀ တန် AI စီမံကိန်းကြီး လုပ်မယ်လို့ ကြေညာထားပြီး အီလွန်မတ်စ်က "ဒီလူတွေမှာ ပိုက်ဆံမရှိဘူး" လို့ ထပြောနေပါတယ်။

DeepSeek ထုတ်ဖို့ အသုံးစရိတ်နဲ့ comput power သတင်း ကြားပြီးနောက်မှာတော့ အမေရိကန် AI အသိုင်းအဝိုင်းမှာ မေးခွန်းအမျိုးမျိုး ထွက်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က